တစ်နှစ်ပြီး တစ်နှစ်။ ငါဟာ
တဖြည်းဖြည်းသစ်လာတယ်။ အိုမင်း၊ ဟောင်းနွမ်း၊ ဆွေးမြေ့ ငါဟာ။ တစ်နှစ်ပြီး
တစ်နှစ်။ ဖြေစရာ ရှာမတွေ့ဘူး၊ ဖျောက်စရာတွေပဲ များများလာတယ်။ တစ်နှစ်ပြီး
တစ်နှစ်။ အတိတ်စာမျက်နှာတွေကို တဖျတ်ဖျတ် လှန်ဖတ်လိုက်တော့ ငါ
တော်တော်ညံ့ခဲ့တယ် ဆိုတာတွေ။ တစ်နှစ်ပြီး တစ်နှစ်။ မိမိကိုယ်မိမိ တွန်းတင်၊
ကန်ချ၊ ဖြေသိမ့်၊ ပေါက်ကွဲ။ ကြည်နူး ၊ လွမ်းဆွတ်၊ ဆွေးမြေ့ ၊ နာကျင်။
တစ်နှစ်ပြီး တစ်နှစ်။ စိတ်ကူးတွေဟာ စိတ်ကူးအတိုင်းပဲ၊ အိပ်မက်တွေဟာ
အိပ်မက်အတိုင်းပဲ အကောင်အထည်မရှိခဲ့၊ လက်ဆုပ်လက်ကိုင် မရခဲ့။ တစ်နှစ်ပြီး
တစ်နှစ်။ မြုံနေတာကို ဓါးနဲ့ ခွဲထုတ်လိုက်၊ ဒဏ်ရာကို သက်သာရုံလေးကုသလိုက်၊
ပြီး၊ ပြန်ဆွလိုက်။ တစ်နှစ်ပြီး တစ်နှစ်။ လိုအပ်တာတွေ များပြီး
မလိုအပ်တာတွေ ပိုများလာတယ်။ တစ်နှစ်ပြီး တစ်နှစ်။ တစ်ကိုယ်တော်
ထမင်းဝိုင်းများ ၊ တစ်ကိုယ်တည်း စားသုံးခဲ့ရသော ဒုက္ခပွဲတော်များ။
တစ်နှစ်ပြီး တစ်နှစ်။ အမြစ်တွယ် ယုံကြည်နေမိတာက အနုပညာနဲ့ ဘာသာတရားကလွဲရင်
ဘာကိုမှ မယုံကြည်ဘူးတရား။ တစ်နှစ်ပြီး တစ်နှစ်။ ဘာမှ မထူးဘူး။ ဘာမှ
မထူးခြားဘူး။ ထူးခြားတာ ဘာမှ မရှိဘူး။ မျှော်ပြီး မောခဲ့ရသော နေ့များ ၊
ညများ။ တစ်နှစ်ပြီး တစ်နှစ်။ ဒုက္ခတွေ ၊ ဒုက္ခတွေ ၊ ဒုက္ခတွေ ကဗျာလိုရွတ်ခဲ့ရ။
ကဗျာတွေ ၊ ကဗျာတွေ ၊ ကဗျာတွေ၊ ဒုက္ခလို မွန်းခဲ့ရ။ တစ်နှစ်ပြီး တစ်နှစ်။
ကဗျာတွေ တဖြည်းဖြည်း ညံ့လာတယ်။ ကဗျာဆရာဟာ တဖြည်းဖြည်း ညံ့လာတယ်။ အညံ့တွေဟာ
ကိုယ်နဲ့မှ Fit Size ဖြစ်လာတယ်။ တစ်နှစ်ပြီး တစ်နှစ်။ ကိုယ်ရှာဖွေခဲ့တဲ့
မိတ်ကောင်းဆွေကောင်းတွေဟာ ကိုယ့်အသုဘစည်ကားဖို့အတွက်ဆိုတာ ပိုပြီး
သေချာလာတယ်။ တစ်နှစ်ပြီး တစ်နှစ်။တစ်နှစ်ပြီး တစ်နှစ်။တစ်နှစ်ပြီး တစ်နှစ်။
နှစ်တွေဟာ မကုန်နိုင် မဆုံးနိုင်တော့ဘူး။ နှစ်တွေဟာ မပြီးနိုင်
မစီးနိုင်တော့ဘူး။ တစ်နှစ်ပြီး တစ်နှစ်။ တစ်လပြီး တစ်လ၊ တစ်ရက်ပြီး တစ်ရက်၊
တစ်စက္ကန့်ပြီး တစ်စက္ကန့်။ အချိန်ဟာ တရိရိတိုက်စားသွား၊ အချိန်တွေဟာ ငါ့ကို
တတိတိကိုက်ဝါးသွား။ တစ်နှစ်ပြီး တစ်နှစ်။
မိုးဇက်(သခွတ္တနယ်)
Feb 13, 2014
မိုးဇက်(သခွတ္တနယ်)
Feb 13, 2014