Monday, 25 February 2013

ခေတ္တ - မလေးရှား ( ၂ )


(၁)

ငါ့ အတွက် ငါ ဂရုမစိုက်ပါဘူး။
မိသားစုအတွက်လည်း ဒါလောက်မဟုတ်ပါဘူး။
မလေးရှားအစိုးရက ရှိသေးတယ်။
မြန်မာသံရုံးက ရှိသေးတယ်။

( ၂ )

ငွေကြေးအဆင်မပြေပါက
သက်တမ်းမတိုးပဲ 'အိုဗာစတေး' ဖြင့် နေရမလား ...

ငွေကြေးအနည်းငယ်အဆင်ပြေပါက
လေယာဉ်လက်မှတ်ဝယ်ပြီး အမိမြေသို့ ပြန်ရမလား ...

ငွေကြေးလုံးဝအဆင်ပြေပါက
အကောက်အခွန်ပေးပြီး ကျွန် ဆက်ခံရမလား ...

( ၃ )

Passport စာအုပ်လေးကိုကိုင်ပြီး ငိုင်နေမိတယ်။ ။

မိုးဇက်(သခွတ္တနယ်)



Tuesday, 19 February 2013

ဟိန်းစံ(ပဲခူး) ပေးတဲ့ မွေးနေ့လက်ဆောင်


နောက်ကျနေတဲ့ လက်ဆောင်

နေ့စေ့စေ့ လစေ့စေ့
မပေးလိုက်ရတဲ့ကဗျာ
အမှတ်တရပါဆိုမှ 

အမှတ်မှားလောက်အောင်နောက်ကျ
အနာသင့်တိုင်း ကဗျာပွင့်တဲ့သူ
အနာမြင့်တိုင်း ကဗျာလွှင့်တဲ့သူ
အနာရင့်တိုင်း ကဗျာဆင့်တဲ့သူ
ဗိုလ်ချုပ်နဲ့ဖွားရက်တော်တဲ့သူ
တကယ့်ကို ကြုံကြုံနဲ့မှကြိုက်ကြိုက်
သူက နှစ်ဆယ့်ရှစ်နှစ်ပြည့်
မော့ ( စ် ) က ငါးဆယ့်ကိုးနှစ်ထွက်
ပြဿဒါးနဲ့ရက်ရာဇာက နှစ်ပိုင်းတစ်ပိုင်းစီ
ကုမ်ရာသီ မြင်းနှစ် ဆိုင်ဆိုင်မဆိုင်ဆိုင်
ဆိုင်ရင်အဖြေထွက်မယ်
မဆိုင်ရင်အနေခက်မယ်
အဲဒီနေ့ကအလုပ်နားရက်
အိပ်မက်ကမဆိုးဘူး
ရနံ့ကူးထားတဲ့အင်္ကျီနဲ့ ရထားကျော်စီးတဲ့အထာ
ရှိတာပေးမယ်ကြံတော့မတော်
ကဗျာတစ်ပုဒ်ဖော်ဖို့လုပ်တော့
ကာရန်ကဘယ်လောက်သား
နိမိတ်ပုံကဘယ်နှစ်ရွေး
ရစ်သံကဘယ်နှစ်ဆ
ဒီတစ်ဖုံစာအတွက်လည်း
ညှစ်ထားသစ်ထားတာတွေမရှိ
သိမှု မသိမှုဟာ မသိမှု သိမှုတွေဖြစ်လို့
ဘလက်ကာလာရင်ဘတ်ကြားက
အရှက်အကြောက်မဲ့ ရေးခြစ်လိုက်တယ်
အားနာလိုက်တာ ကဗျာဆရာ ။   ။



ဟိန်းစံ(ပဲခူး)

13-2-2013 ရက်နေ့တွင်ကျရောက်သော
ကဗျာဆရာ မိုးဇက်(သခွတ္တနယ်) ၏ -၂၈- နှစ်ပြည့်အတွက်မွေးနေ့လက်ဆောင်


Monday, 18 February 2013

သံယောဇဉ်မလေး .... သို့


ဖေဖော်ဝါရီဟာ ငါ့ ပြဿဒါး ငါ့ ရက်ရာဇာ
ငါ့ ဈာပန ငါ့ နာရေးသတင်း

ဒီဇာတ်လမ်းမှာ ကျွန်တော်က ဒဿဂီရိဖြစ်သွားတယ်
နတ်သျှင်နောင်ဖြစ်သွားတယ်
ဗိုလ်အောင်ဒင် ဖြစ်သွားတယ်
ကျွန်တော်က တစ်ဖက်သတ်အချစ်သမားပါ မသီတာ
ကျွန်တော်က ကဗျာဆရာပါ ဓါတုကလျာ
ကျွန်တော်က သူတပါးရဲ့ချစ်သူကိုမှ စွဲလမ်းတမ်းမက်ရသူပါ မမြဝင်း။

ကုမ်ရာသီက အလင်းတစ်ခြမ်း အမှောင်တစ်ခြမ်း
နှင်းမြူခိုးတွေက အမှောင်တစ်ခြမ်း အလင်းတစ်ခြမ်း။

နှုတ်ဆက်စကားတစ်ခွန်းမှာ
ကျွန်တော့ရှိုက်သံကို  နားမထောင်ပါနဲ့
ကျေးဇူးပြုပြီး ဒီစာကို ကျော်ဖတ်သွားပါ မအဝှာ
ဖြစ်သင့်တာက ဖတ်ပြီး ရယ်မောပစ်ရမှာ
ဒီကောင်လေးက ရုပ်နည်းနည်း ဆိုးပါတယ်
ဒီ ငတိက ချစ်ခြင်းတရားကို လေးမြတ်ယုံကြည်ပါတယ်
ရုပ်ဆိုးလေး လို့ ခေါ်ချင်ခေါ်ပါ
ချီးထုတ်လေး လို့ သုံးနှုံးချင် သုံးနှုန်းပါ
ကျွန်တော့ကိုတော့ မမုန်းလိုက်ပါနဲ့ မအဝှာ

ခပ်ချောချောကောင်လေးတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်လည်း
ကျွန်တော့ဦးခေါင်းကိုသာ ရိုက်ခွဲလိုက်ပါတော့
မေမေမွေးခဲ့တဲ့ ဒီရုပ်ကို ဘာမိတ်ကပ်မှ မလိမ်းဘူး
စကားတစ်ခွန်းကို
ဘ၀တစ်ခုစာလုံး ပေးပြီးမှ ဒူးထောက်ချင်တယ်
မေတ္တာတရားနဲ့ဖမ်းမယ်
သစ္စာတရားနဲ့ အမိခံနိုင်မလား
(သံသရာ အဆက်ဆက်) ။

မီးလုံးလေး ဘယ်တော့စိမ်းလာမလဲ
Ringing Tone လေး ဘယ်တော့ ထအော်မလဲ
ကျွန်တော် မျှော်တတ်နေပြီ။

  • မကြားရ မမြင်ရသော သံယောဇဉ်မလေးရေ
  • လွမ်း တယ် ကွဲ့
  • ဒါလေးတော့ ခွင့်ပြု ။     ။


မိုးဇက်(သခွတ္တနယ်)

Sunday, 17 February 2013

November 25 , 2012


လိမ်ညာခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဘယ်တော့မှ ခြေစုံမရပ်ခဲ့ပါဘူး
ကျွန်တော် ဆေးချလိုက်တဲ့ ပန်းကန်ပြားချပ်တွေတိုင်းမှာ
ကျွန်တော့ မာနတရားတွေသာ ပြောင်စင် ကွာကျသွား
ဖြူစင်တယ် ဆိုရင်တောင်
လက်နှီးစုတ်လောက်တော့
ပေကျံနေသေးတဲ့ ကောင်ပေါ့
တခါတရံတော့ တွေးမိဖူးပါတယ်
ကျွန်တော်က ရိုးရိုးလူ
ခင်ဗျားက ရိုးရိုးသားသား လူ
ကျွန်တော်က အမှားတစ်ခုကို ဝန်ခံဖို့
အမြဲတမ်း အသင့်ဖြစ်နေတဲ့သူ
ခင်ဗျားက အမှန်တရား ကို သစ္စာတရားလို တန်ဖိုးထားတဲ့ သူ
ခု ဖြစ်သွားတဲ့ ကိစ္စမှာ ကျွန်တော်မှားတယ်
ခု ဖြစ်သွားတဲ့ကိစ္စမှာ ခင်ဗျား စိတ်ဆိုးသွားတယ်
ကျွန်တော် ဝမ်းနည်းလို့ မဆုံးဘူး
ခင်ဗျားလည်း ကြေကွဲလို့ ဆုံးမှာ မဟုတ်ဘူး
ကျွန်တော့ဘက်က တောင်းပန်ဖို့ လိုအပ်တယ်
ခင်ဗျားဘက်ကလည်း ခွင့်လွှတ်ပေးဖို့ လိုအပ်တယ်
ဒီစကားကို မေတ္တာတရားဖြင့် ပြောပါတယ်
မေတ္တာတရားဖြင့် နားထောင်ပေးပါ ။

မိုးဇက်(သခွတ္တနယ်)

ဝန်ခံချက်။ ။ကျွန်တော်အရက်သောက်မိလို့ စိတ်ဆိုးသွားတဲ့ သံယောဇဉ်မလေးကိုရည်ရွယ်ပြီး ဒီ Status ကိုရေးတယ်။ ခု ဖတ်ကြည့်တော့ ခုစိတ်မကောင်းဖြစ်တယ်။ ခွင့်လွှတ်ပါ။ ထပ်ပြီး တောင်းပန်ပါတယ်။ အဲဒီနေ့စွဲကို ခေါင်းစဉ်တင်ပြီး ဝေဒနာတစ်ခုအနေနဲ့ မှတ်တမ်းတင်လိုက်ပါတယ်။


Friday, 15 February 2013

ရနံ့သက်သက်သစ်သီး (၅)


ဘုံ ကိုး ဆင့် က ဗျာ ရွ တ် ပွဲ
ဆရာရိုးသက် ပေးတဲ့ နာမည်လေးက လွှတ် - လှပ
ပထမဆုံးအကြိမ် တွေ့ကြတုန်းက ကဗျာဆရာ (၉)ယောက်
ကွန်ဒိုမီနီယံတိုက်ခန်း (၉) လွှာမြောက်
ပူချုန်း အိုင်အိုအိုင် အနီး ဆရာ မောင်ရဲမင်း(ပဲခူး) ရဲ့ အခန်းမှာ ....

တစ်ကြိမ်ပြီး တစ်ကြိမ် ၊ တစ်ခေါက်ပြီး တစ်ခေါက်တွေ့ကြ ဆုံကြ
တစ်ယောက်ပါရင် တစ်ယောက်ကျန်ခဲ့
တွေ့ဆုံပွဲက လူစုံတယ် လို့ မရှိလှပါဘူး။

ခု ဘယ်နှကြိမ်မြောက်တွေ့ဆုံပွဲလဲ ...

ဆရာ ရိုးသက်  ပြန်သွားပြီ။
ဆရာ လူခါး ပြန်သွားပြီ။
ဆရာ ရာဇာမျိုး(အင်းကုန်း) ပြန်သွားပြီ။

ပြန်တဲ့သူတွေ ပြန်သွားပြီ။
ကျန်တဲ့သူတွေ ကျန်ခဲ့ပြီ။
သေချာတာက
ငါတို့ ပြတ် မကျန်ခဲ့ဖို့ပဲ။

ကဲ ...
ကဗျာရွတ်မယ်။ ရွတ်ကြမယ်။
ကဗျာကို နှလုံးသားထဲထည့်ပြီး ရွတ်ကြမယ်။
နှလုံးသားကို ကဗျာထဲထည့်ပြီး ရွတ်ကြမယ်။
ခု လတ်တလော ဖြစ်ပျက်နေတဲ့အကြောင်းတွေကို ကဗျာထဲထည့်ပြီး
ရွတ်ကြမယ်။ ကဗျာထဲမှာ ခု လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို
ထည့်ပြီး ရွတ်ကြမယ်။ ငါတို့ မဆုံဖြစ်တာကြာတဲ့ အထိမ်းအမှတ်အနေနဲ့
ကဗျာရွတ်ကြမယ်။ ကဗျာမရွတ်ဖြစ်တာကြာတဲ့ အထိမ်းအမှတ်အနေနဲ့
ငါတို့ ကဗျာရွတ်ကြမယ်။ ငါတို့ တနယ်တကျေးဆီကလာပြီး ခဲရာခဲဆစ်ဆုံရတဲ့နေ့ရက်အတွက်
ကဗျာရွတ်ကြမယ်။ ကဗျာရွတ်ကြမယ်။ ငါတို့ဟာ ကဗျာဆရာတွေဖြစ်တဲ့အတွက် ကဗျာရွတ်ကြမယ်။

ငါတို့ဟာ ကဗျာကို သစ္စာရှိရှိချစ်ခင်စုံမက် ပေါင်းသင်းနေထိုင် သွားမည်ဖြစ်ကြောင်း ၊
ကဗျာနဲ့ ပတ်သက်လာရင် ဘယ်လိုလက်နက်မျိုးနဲ့ထိုးချိန်ချိန် ဒူးထောက် /လက်မြှောက်/
ခေါင်းငုံ့ / အရှုံးပေး / အညံ့ခံ / နောက်ဆုတ်လိမ့်မည် မဟုတ်ကြောင်း
ငါတို့ ကဗျာရွတ်ကြမယ်။

ကဗျာရွတ်ပွဲ။
ဘုံကိုးဆင့် ကဗျာရွတ်ပွဲ။

ယခုရောက်ရှိနေသော ကဗျာချစ်သူများခင်ဗျား
ကဗျာရွတ်ပွဲအခမ်းအနား စတင်တော့မှာဖြစ်ပါသဖြင့်
မိမိတို့၏ လက်ကိုင်ဖုန်းများကို Silence လုပ်ပေးကြရန်နှင့်
ရင်ဖွင့်ကြိုဆိုပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ။      ။

မိုးဇက်(သခွတ္တနယ်)

( 9/10/11 -2-2013 တရုတ်နှစ်သစ်ကူးပိတ်ရက်အတွင်း စာပေချစ်သူ သူငယ်ချင်းများနှင့် တွေ့ဆုံပွဲ အမှတ်တရ။
Puchong IOI ဆရာမောင်ရဲမင်း(ပဲခူး) ၏ နေအိမ်တိုက်ခန်းမှာ ဖြစ်သည်။ လင်းလက်တာရာ၊ လှိုင်ရဲအောင်(ပြည်)၊ နေဝန်းနီ၊ ရဲရင့်လမင်း၊ ဟိန်းစံ(ပဲခူး)၊ မောင်ရဲမင်း(ပဲခူး)၊ ဆူးရဲ၊ နေသာ(ကလေး)၊ လွမ်းနောင်၊ မင်းခိုင်မြဲ၊ မိုးဇက်(သခွတ္တနယ်) တို့တွေ့ဆုံခဲ့ကြ။ ကဗျာဆရာမလေပြည်မှာ အလုပ်မအားလပ်သဖြင့် KL မဟာနန်း မြန်မာစားသောက်ဆိုင်မှာသာ တွေ့ဆုံဖြစ်ခဲ့ပါကြောင်း။)



အခြေအနေအရ မဟာနန်း မြန်မာစားသောက်ဆိုင်မှာ ရိုက်ထားတဲ့ပုံကိုပဲ တင်လိုက်ပါတယ်။

Thursday, 14 February 2013

ရနံ့သက်သက်သစ်သီး (၄)


“ အရင်တုန်းကတော့ ရုပ်ရှင်မင်းသား ၊ ခု မသာမင်းသား ” တဲ့။

ဦးကျော်သူရယ် ၊ သူ့ဇနီးဒေါ်ရွှေဇီးကွက်ရယ် ၊ ဈေးရောင်းပွဲတော်ရယ်
ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း နှစ်ပတ်လည်အခမ်းအနားရယ် ၊
ဒီလူတွေ ဒီပွဲတွေကို တစ်ခါမှမတွေ့ဆုံဖူးတဲ့ကျွန်တော်ရယ်
အဲဒီနေ့က ထိပ်တိုက်တွေ့ကြတယ်။

တကယ်တော့ ဦးကျော်သူဆိုတာ သူလိုကိုယ်လို လူတစ်ဦးပါပဲ။
မတူတာဆိုလို့ သူက ဦးကျော်သူဖြစ်ပြီး ကျွန်တော်က မိုးဇက်ဖြစ်တယ်။
နာမည်တစ်လုံးပဲ ကွာပါတယ်။

ရုပ်ရှင်မင်းသားကြီးဦးကျော်သူဆိုတာ
ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တယ်။
ကျွန်တော်က ဘယ်လိုစရိုက်သဘာဝကိုမှ
အံဝင်ခွင်ကျ သရုပ်မဆောင်တတ်တဲ့ ဘဝသမားဖြစ်တယ်။
နည်းနည်းပဲ ကွာပါတယ်။

ဒါရိုက်တာကြီးဦးကျော်သူက
သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ရိုက်ချက်တွေကြားမှာ လင်းလက်တောက်ပလာတယ်။
ကျွန်တော်က လောကဓံရိုက်ချက်တွေကြားမှာ မှေးမှိန်ဆုတ်ယုတ်လာတယ်။
အဲဒီလောက်ထိ ကွာပါတယ်။

ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌကြီးဦးကျော်သူက “သုဘရာဇာ” နာမည်နဲ့ လက်မထောင်တယ်။
ကျွန်တော်က ဘာမှလက်ဆုပ်လက်ကိုင်မရှိပဲနှင့် လက်မထောင်တယ်။
လုံးဝကွာပါတယ်။

ဦးကျော်သူက ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ပရဟိတသမားဖြစ်တယ်။
ကျွန်တော်က ကိုယ်ကျိုးကြည့် တကိုယ်ကောင်းဆန်တဲ့ အတ္တသမားဖြစ်တယ်။
သူက (လူ) သေရင်တောင် နာမည်ရှင်ကျန်ခဲ့မှာဖြစ်ပြီး
ကျွန်တော်က လူရော နာမည်ပါ မွေးဖွားရအုံးမယ့်သူ ဖြစ်ပါတယ်။
မနှိုင်းယှဉ် မနှိုင်းအပ်လောက်အောင် ကွာခြားလှပါတယ်။


မိုးဇက်(သခွတ္တနယ်)

( ၂၀.၁.၂၀၁၃(တနင်္ဂနွေနေ့)၊ ကပုန်း(၇)ရက်သားသမီးများ နာရေးကူညီမှုအသင်း နှစ်ပတ်လည်အခမ်းအနား သို့ သွားရင်း အမှတ်တရရေးဖွဲ့။ အဲဒီပွဲမှာ ဦးကျော်သူနှင့် သူ့ဇနီးဒေါ်ရွှေဇီးကွက်တို့၏ ဟောပြောချက်တွေကို နာယူ မှတ်သားရင်း မျက်ရည်ဝဲခဲ့မိကြောင်း …)

ရနံ့သက်သက်သစ်သီး (၃)


မွန်မြတ်သန့်စင်ခြင်းက ရာခိုင်နှုန်းအပြည့်ပဲ။

ဒီလို ဂရုဏာရှင်တွေချည်းသာဆို
ဒီကမ္ဘာကြီး သာယာမှာအမှန်ပဲ ၊ ကြည့်စမ်းပါ
သူတို့မျက်ဝန်းတွေက ဘာကိုသဘောကျမှန်းမသိ သဘောကျလို့
ပီတိလေ ၊ အံဖွယ်ဆေး။

သွေး ... သွေး ... သွေး
အသက်တစ်ချောင်းအတွက် သွေးဟာမရှိမဖြစ်
မရှိရင် မဖြစ် ရှိမှကိုဖြစ်တဲ့ မရှိမဖြစ်
သွေး။

( မိတ်ဆွေ ....
ပြည်ပမှာ လူတစ်ယောက် အသက်ရှင်ရပ်တည်ရေးဟာ
.... လွယ်လား / လွယ်မယ်ထင်လား
ဒါဆို အသက်ရှူ ရပ်တန့်သွားတဲ့အခါရော .... )

မိသားစု စိတ်ဓါတ်ဆိုတာ
စကားလုံးသက်သက်တင် မဟုတ်ဘူး
လက်ချင်းလည်း ဆုပ်ရမယ်
အပြုံးချင်းလည်း ယှက်ရမယ်
နှလုံးသားချင်းလည်း ဝတ်မှုန်ကူးတတ်ရမယ်။

သန့်ရှင်းသောငွေကို ယူပါ။
အတ္တ ပရ မျှအောင်သုံးပါ။
စင်ကြယ်သော မေတ္တာတရားဖြင့် လူသားချင်းစာနာစိတ်မွေးပါ။
တနေ့တော့ အနာဂတ်ကမ္ဘာကြီးဟာ
လှ ပ လာ မှာ ။     ။


မိုးဇက်(သခွတ္တနယ်)

( ၁၃.၁.၂၀၁၃ (တနင်္ဂနွေနေ့) ၊ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) ၏ စတုတ္ထအကြိမ်မြောက် သွေးလှူဒါန်းပွဲ နှင့် (၁)နှစ်ပြည့် အခမ်းအနား သို့ သွားရောက်ရင်း အမှတ်တရရေးဖွဲ့။ )


ရနံ့သက်သက်သစ်သီး ( ၂ )



အမှတ်မထင်ရောက်လာတဲ့ တနင်္ဂနွေတစ်ခုက
မထင်မှတ်ပဲ Sunway Pyramid အမည်နဲ့ ကြိုဆို ....

'' ခြင်္သေ့ကြီးကလည်း .... ကွာ '' လို့
ရာဇ၀င်ထဲကအမတ်ကြီးတစ်ယောက်လို မရေရွတ်မိပါဘူး။

ဒေသစံတော်ချိန်အရ
ညနေ (၃)နာရီ ရှိပါပြီ ခင်ဗျာ ....

ဓါတ်ပုံ တစ်ချက် နှစ်ချက်ရိုက်တယ်။

စက်လှေကားပေါ်က အတိုမလေး တွေအကြောင်း
ကျမ်းတစ်စောင် ၊ ပေတစ်ဖွဲ့
ပုံကြီးချဲ့ဖို့ မလိုအပ်ဘူး မဟုတ်လား မိတ်ဆွေ။

ရေခဲပြင်ပေါ် စကိတ်မစီးတတ်လို့
ရေခဲပြင်ပေါ်က စကိတ်စီးကလေးငယ်တွေကို ကြည့်ရှု ငေးမောခဲ့ရ

ငေးငေးငိုင်ငိုင် ငေးရင်း လျှောက်ရင်း / လျှောက်ရင်း ငေးရင်း
(အီလက်ထရောနစ်ပစ္စည်းတွေကြားမှာ)
ခင်ဗျားရော ကျွန်တော်ရော စက်ရုပ်တွေဖြစ်သွားကြတယ်
အောင်အောင်မြတ်။

ကျွန်တော်တို့မြင်သမျှကို ကျွန်တော်တို့မသိ
ကျွန်တော်တို့တွေ့သမျှကို ကျွန်တော်တို့မသိ
ကျွန်တော်တို့ကြားသမျှကိုလည်း ကျွန်တော်တို့မသိတော့။

အပြင်မှာထက် အအေးလှိုင်းက နှစ်ဆပိုလာတယ်။
ရေသန့်ဗူး ဈေးနှုန်းကအစ ၊ နှစ်ဆ။

ဈေးဝယ်သူတစ်ယောက်ကို သူခိုးတစ်ယောက်လို ရှိုး နေတဲ့မျက်လုံးတွေ

ကုန်ပစ္စည်းဈေးနှုန်းကိုမေးပြီး မ၀ယ်တဲ့အခါ
စိတ်ဆိုး ၊ ဒေါသဖြစ် ကျန်ရစ်တဲ့ အရောင်းစာရေး / အရောင်းစာရေးမတွေ

'' လာပါ လာပါ နည်းနည်းလောက်မြည်းစမ်းကြည့်ပါ '' ဆိုတဲ့
မုန့်ပဲသရေစာရောင်းသူတွေ

. . . .  . . . .  . . . . စသဖြင့်တွေ
မတွေ့ခဲ့ မကြုံခဲ့ မကြားခဲ့ မမြင်ခဲ့ရပါ။

ရေတံခွန်ဆီ ခြေဦးမလှည့်ဖြစ်ပါ။
ရေကူးကန်ဘက် မျက်စိအစာမကျွေးဖြစ်ပါ။

အပန်းဖြေခရီးအတွက် အပန်းဖြေခြင်းသက်သက်ဟာ
လုံလောက်တဲ့ အပန်းဖြေမှုပဲဖြစ်ပါတယ်။   ။



မိုးဇက်(သခွတ္တနယ်)


( ၆.၁.၂၀၁၃ (တနင်္ဂနွေနေ့) ၊ ဆန်းဝေး ပိရမစ် သို့ အလည်အပတ်သွားရင်း အမှတ်တရရေးဖွဲ့။ )



ရနံ့သက်သက်သစ်သီး (၁)

ဇန္န၀ါရီ(၁)ရက်
လှောင်အိမ်ထဲက စထွက်လာခဲ့တယ်။

ကဗျာသုံးပုဒ်လောက်
လေးတိလေးကန်း ၀ါးမြိုပြီးမှ
လျှပ်စစ်ပိုးမွှားတစ်ကောင်က ပေါက်ချလာတယ်။

စောင့်နေတဲ့ စက်ရုပ်ကအများကြီး
ပိုးမွှားက တစ်ကောင်တည်း။

စစ်စစ်ပေါက်ပေါက်
စစ်ထုတ်ထားတဲ့လေကို ရှူသွင်းရင်း
ငါကတော့ သူ့ ၀မ်းဗိုက်ထဲမှာ ....

(စာပေဟောပြောပွဲရှိရာအရပ်ဆီ သို့
စာပေချစ်သော ငါ ၊ လာခဲ့ပါပြီ။)

ရဲရင့်လမင်း နဲ့ တွေ့ဖို့ရှိတယ်။
လှိုင်ရဲအောင်(ပြည်) နဲ့ တွေ့ဖို့ရှိတယ်။
ဟိန်းစံ(ပဲခူး) နဲ့ တွေ့ဖို့ရှိတယ်။

သူတို့က
ဝေဒနာကို ကြိတ်ခဲ့ပြီး
စိတ်နဲ့မြင်ရတဲ့အရာကို
နှလုံးသားနဲ့ မိအောင်ဖမ်းပြတတ်သူတွေ။

. . . . တည်ဆောက်ဆဲ
. . . . တည်ဆောက်လတ္တံ့
တည်ဆောက်ပြီး . . . .
. . . . ပြို ကွဲ . . . .
သူတို့လို ကဗျာထုတ်လုပ်တဲ့စက်ရုံတွေ
ငါ့ တခေါ်စာအဝေး မှာ ရှိခဲ့ဖူးရဲ့ ...

တချိန်က ဆိုတဲ့ ကာလဆီတုန်းက
ရင်ဘတ်ချင်းဂျက်ပင်ထိုးခဲ့ကြ (၁)
စကားလုံးတွေဖြန့်ခင်းပြီး ကဗျာခွပ်တမ်းကစားခဲ့ကြ (၂)
ငါ့ရဲ့ စိတ်ချင်းဆက်အမြွှာတွေ
သို့မဟုတ်
ပင်လယ်နဲ့ ပတ်သက်နေတဲ့ရွက်တွေကို (၃)
သတိတရ
လွမ်း ဆွတ် မိ ကြောင်း ။   ။


မိုးဇက်(သခွတ္တနယ်)


၁။ မောင်ချောနွယ်
၂။ ရဲရင့်လမင်း
၃။ လင်းလက်တာရာ

( ၁.၁.၂၀၁၃ (အင်္ဂါနေ့) စာပေဟောပြောပွဲသွားရင်းအမှတ်တရရေးခြစ်။ အဲဒီနေ့က ဆရာကျော်ရင်မြင့်၊ ဆရာခင်မောင်ညို(ဘောဂဗေဒ) နှင့် ဆရာမ မစန္ဒာတို့ လာရောက်ဟောပြောခဲ့။)

လင်းလက်တာရာ ပေးတဲ့ မွေးနေ့လက်ဆောင်


၁၃ ဖေဖော်ဝါရီ

ဒီနေ့ စွဲအတွက် အသည်းမှာ သံမှိုစွဲမယ်

ဒီနေ့ စွဲအတွက် အသက်မှာ သံမှိုစွဲမယ်

ဒီနေ့ စွဲအတွက် အသားမှာ သံမှိုစွဲမယ်

ဒီနေ့ စွဲအတွက် အသွေးမှာ သံမှိုစွဲမယ်

ငါတို့ ဟာ လူငယ်

ဘာတွေကို တလူလူ ငယ်သံပါနေရမှာလဲ

အသည်းကိုသွေးထား

အသက်ကိုသွေးထား

အသားကိုသွေးထား

အသွေးကိုသွေးထား

လာ သူငယ်ချင်း

လက်သီးကို ကျစ်ကျစ်မြည်အောင်ဆုပ်

သံမဏိစိတ်တွေကို ကျစ်ကျစ်မြည်အောင်ဆုပ်

ဘယ်တော့မှမသေတဲ့ ငါ့တို့ ဗိုလ်ချုပ်ကို

အလေးပြုကြရအောင်။    ။

 

လင်းလက်တာရာ


ကိုရန်လေး ပေးတဲ့ မွေးနေ့လက်ဆောင်


''သူငယ်ချင်း...သို့''

သူငယ်ချင်းရေ...
နှင်းတွေကတဖွဲဖွဲနဲ့ကျနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..သူငယ်ချင်း.
ခပ်ရေးရေးပုံဖော်မိတဲ့အတွေးထဲ..
နွေးနွေးထွေးထွေးမှရှိရဲ့လား ..

သူငယ်ချင်းရေ...
ဘ၀ဆိုတာ..ဆုတောင်းယုံတစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါအရာတစ်ခုမဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်

သူငယ်ချင်းရေ...
တချို့တွေကရိုင်းတယ်
ကောက်ကျစ်တဲ့ မာယာမျက်နှာဖုံးတွေနဲ့
အပြုံးချိုချိုတွေ ကိုယ်စီချိတ်ဆွဲလို့
သိုးတွေလို ဖြူစင်နေပြတယ်
သူငယ်ချင်းရေ...
ခေတ်..စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ကိုယ့်ဘ၀ကိုယ် မမေ့ဖို့ပဲလိုတယ်

သူငယ်ချင်းရေ...
လှိုင်းဘယ်လောက်ကြီးကြီး...လှေအောက်ရောက်စမြဲ
ဇွဲကြီးသူတို့ဟာ အောင်ပွဲခံစမြဲတဲ့
ဆင်းရဲ...ချမ်းသာ..ဒီနှစ်ဖြာကြာ
ဗျာများမနေစေနဲ့
တချိန်... တို့အားလုံးရဲ့ မရဏ ပန်းတိုင်မှာ
ဘယ်လိုမှတ်တမ်းမျိုးကို ရေးထွင်းချင်ခဲ့သလဲ
ဘယ်လိုမှတ်တိုင်မျိုးကို စိုက်ထူချင်ခဲ့သလဲ
ခပ်ရဲရဲသာတွေးဖို့လိုတယ်

သူငယ်ချင်းရေ...
အချစ်ဆိုတာကိုလည်း အလွယ်မယုံနဲ့
အလွယ်ယုံလို့...ပုံမှားမိသူတွေ
ပြောင်းလဲတတ်တဲ့ ၁၅၀၀ သဘောတရားမှာ
ညီမလေးတစ်ယောက်...အလိုက်သင့်မှ စီးမျောနိုင်ရဲ့လား
ရင်ခုန်ခြင်းကို ဘ၀ဆိုတဲ့ အသိနဲ့ ထိမ်းချုပ်လို့
အချစ်နဲ့ ဦးနှောက်ကို ညီမျှခြင်းချ
အတည်တကျ..ချစ်ခြင်းနဲ့သာ ဆုံဆည်းရစေ

သူငယ်ချင်းရေ...
စိတ်ပျက်ဝမ်းနည်းမှုတွေကြုံတိုင်
ကောင်းကင်ကြီးကိုမော့ကြည့်လှဲ့
ဟိုးမှာ..ဖြာလင်းနေတဲ့ သက်တန့်ရောင်စဉ်တွေ
ဘယ်တော့မှ အရှုံးမပေးဘူး
ဘယ်တော့မှ ဒူးမထောက်ဘူး
ဘယ်တော့မှ.......
ဘယ်တော့မှ........
တို့ဘ၀တွေကို အရှုံးမပေးဘူး

သူငယ်ချင်းရေ...
ခပ်လွယ်လွယ်နဲ့တော့
အဖိုးတန်မျက်ရည်တွေကို မကျမိစေနဲ့
ဘ၀တိုင်းမှာ စုတ်ချက်ဒါဏ်ရာတွေဆိုတာရှိတယ်
ပိုက်ဆံ .. ဂုဏ် .. ဓန နဲ့ ဒီဖျားယောင်းမှုတွေက
လူတွေရဲ့ စိတ်ဓါတ်ကိုသေးသိမ်စေတယ်
ဘ၀ဆိုတာကိုက..သတိတစ်ချက်လွတ်တာနဲ့
ဟိုး...ချောက်နက်ထဲ...ကျဆင်းသွားတတ်တယ်

သူငယ်ချင်းရေ...
ပန်းကလေးတွေပွင့်ဖူးတိုင်း
ပျားပိတုန်းတွေ ရစ်ဝဲလေ့ရှိတယ်
အိမ်ထောင်ပြုခြင်းဆိုတာ
လွတ်လပ်ခြင်းတစ်ဝက်ဆုံးရှုံးပြီ
တာဝန် နှစ်ဆ ပိုယူရတဲ့
လူနှစ်ဦးပေါင်းစပ်ခြင်းဖြစ်တယ်
ခပ်လွယ်လွယ်လေးမတွေးနဲ့
ဒါဟာ..ဘ၀ရဲ့အစသာဖြစ်တယ်...

မွန်းကြပ်မှုတွေကြုံလာတိုင်း
လရောင်အောက်ကို ထွက်လာလှဲ့
ကြယ်လေးတွေသီချင်းဆိုလို့
လမင်းဟာ အမြဲပြုံးတယ်..
ဓမ္မ နဲ့ အဓမ္မ ကို အတူယှဉ်တွဲ
အမှန်တရားကို သိအောင်ကြံ
တကယ့်ရန်သူက လောဘ
မော ဟ နဲ့ မာန်မာနကိုပယ်
စကားကိုလည်းမလွယ်နဲ့
တရားကိုလည်းမပယ်နဲ့
ဒုက္ခနဲ့ သုခကို ညီအောင်ညှိလို့
သူ ငယ် ချင်း ရေ . . . .
မင်းဘ၀ ငြိမ်းချမ်းပါစေ ...

ကိုရန်လေး
 

ရဲရင့်လမင်း ပေးတဲ့ မွေးနေ့လက်ဆောင်


သေတစ်နေ့ မွေးတစ်နေ့ဆိုပေမယ့်
ကွယ်ရာမှာ မပွင့်နဲ့
လူမသိ သူမသိကြွေသွားတဲ့ ပန်းတွေမှာ
ခင်ဗျားနာမည် မပါစေချင်ဘူး။ ။

ရဲရင့်လမင်း


ဆရာမ ကံသာနွဲ့ ပေးတဲ့ မွေးနေ့လက်ဆောင်

ဒီနေ့ မင်းမွေးနေ့
ဟေ့...!
တကယ်ကံကောင်းပါလားကွဲ့
ဆယ့်သုံးဂဏန်းနဲ့လူ
ရှားပါးတဲ့လူ
အာဂလူ
ဇမ္ဗူမှာတစ်လူ
ဗိုလ်ချုပ်နဲ့ မွေးနေ့ချင်း တူသူ
ငါဂုဏ်ယူတယ် သူငယ်ချင်း။


ဆိုတော့ ...
ဗိုလ်ချုပ်က သတ္တိရှိသူ၊
သူကတော့ ကြောက်တတ်သူ။
ဗိုလ်ချုပ်က ခေါင်းမော်နိုင်သူ၊
သူကတော့ ရင်ဆိုင်ရာရာမှာ ခေါင်းငုံ့နေတတ်သူ။
ဒါပေမဲ့.....အနုပညာချစ်မြတ်နိုးသူဖြစ်တာနဲ့
မွေးနေ့လေးတူတာပဲ ရှိပါသတဲ့လေ.....

မိုးဇက်ရေ......
အဲ့ဒါပဲအရေးကြီးသကွဲ့။
တို့ချစ်တဲ့ ဖခင်ဗိုလ်ချုပ်
မင်းလည်းချစ်တဲ့ ဖခင်ဗိုလ်ချုပ်။

တိုင်းပြည်လွတ်လပ်ဖို့အတွက်
အသက်ကိုပင်ပေးအပ် ဇွဲခတ်တဲ့ စွန့်ခြင်းကြီးတွေ။

မဟုတ်ရင်မခံတတ်၊ ဖြောင့်မတ်တဲ့စိတ် ထားခြင်းတွေ။

ငါ လို့မာန်မလုပ် သူတစ်ပါးကိုအပုပ်ချမှုကင်းတဲ့ နှိမ့်ချခြင်းတွေ။

အနာဂတ်အတွက် ကြိုတင်နိမိတ်ဖတ်တွက်ချက် အတွေးအခေါ်ထက်မြက်ခြင်းတွေ။

စာပေအနုပညာနဲ့ ပြည်သူတွေကိုပါချစ်တတ်တဲ့
စိတ်ဓာတ် ကြီးမားခြင်းတွေ။

တစ်မျိုးလုံးဂုဏ်ယူနိုင်လောက်တဲ့ ကြိုးကုတ်အားထုတ်ခဲ့ခြင်းများတွေ။

အဲ့ဒီလို..... ဗိုလ်ချုပ်လို.....မလုပ်နိုင်ရင်ထားအုံး(ဦး)
မင်းလည်း တစ်မျိုးသားလုံးကို ချစ်တဲ့သူ
တိုင်းပြည်ကိုလည်းချစ်တဲ့သူသာမက
ဘာသာ သာသနာကို စောင့်ရှောက်သူ
(ပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးကပဲဖြစ်ဖြစ်)
အများတကာ ဂုဏ်ယူနိုင်လောက်တဲ့သူ တစ်ယောက်
ဖြစ်မြောက်အောင်တော့ ကြိုးပမ်းစေချင်ပါတယ်။

ဒီမွေးနေ့မှသည် နှစ်တစ်ရာတိုင်
ကဗျာစာပေမဏ္ဍိုင်တစ်ခု ကြီးကြီးကိုဆောက်
မင်း ပေါက်မြောက်အောင်မြင်ပါစေကြောင်
ငါ......ဆုတောင်းလိုက်ပါတယ်။
 

ကံသာနွဲ့

စိုင်းအိုက်ပီး(ကျောက်မဲ) ပေးတဲ့ မွေးနေ့လက်ဆောင်


မင်းကဗျာတွေ တစ်နှစ်အသက်ကြီးပြန်ပြီ
မင်းအသက်ဟာ မင်းကဗျာ
မင်းကဗျာဟာ မင်းအသက်
ကိုညိုဆိုင်မှာ လဘက်ရည်ကြမ်းသောက်ရင်း ကဗျာတွေရွတ်ကြည့်မယ်
မင်းဆေးပေါ့လိပ်တွေ မီးထပ်မညှိနဲ့။   ။


စိုင်းအိုက်ပီး(ကျောက်မဲ)


မိုးဇက် (သို့) နှစ်ဆယ့်ရှစ်နှစ်သား

ဖေဖော်ဝါရီ (၁၃) တဲ့။

ခုလို ကြီးကျယ်မြင့်မြတ်တဲ့ နေ့မျိုးမှာ မွေးဖွားလာရခြင်းကိုပဲ
ဝမ်းသာလိုက်ရမလား .... ဂုဏ်ယူလိုက်ရမလား
(ငါကတော့ ရှက်နေမိတယ်)

ဗိုလ်ချုပ်မွေးနေ့မှာမွေးပြီး ဗိုလ်ချုပ်သွေးဆိုလို့
တစ်စက်ကလေးတောင် မရှိတဲ့ကောင်ပါ
ခွေးချင်းကိုက်တာမြင်ရင်လည်း ကြောက်တာပဲ
ရန်စစော်ကားလာရင်လည်း ခေါင်းငုံ့အရှုံးပေးတတ်တာပဲ
တူညီတဲ့ အရာဆိုလို့
အနုပညာကို ချစ်မြတ်နိုးတာနဲ့
ဒီမွေးနေ့ မွေးရက်ကလေးတစ်ခုပဲ ရှိတယ်။

ဆိုကြပါစို့
သစ်ပင်ချင်းအတူတူဖြစ်ရင်လည်း
ငါက ထင်းဖြစ်မယ့်ကောင်။

လှည့်ကြည့်လိုက်တော့
လွတ်ကျ ကျန်ခဲ့တဲ့အရာတွေက အများကြီး
လွှတ်ချ ချန်ခဲ့တဲ့အရာတွေလည်း ငါ့အသက်နဲ့ထပ်တူ။

လောကအပေါ် အကြွေးလည်းတင်ခဲ့
အကြွေးပေါ် အတိုးလည်းတက်ခဲ့
အတိုးပေါ် အတိုးလည်းထပ်လာခဲ့
မတော်တဆ တိုးမိတိုက်မိတဲ့ အက္ခရာတွေထဲ ကျွံဝင်ရင်း
မိသားစုရဲ့လရောင်ကို ကူညီလင်းမပေးနိုင်ခဲ့
နှစ်ဆယ့်ရှစ်နှစ်သား။

ငယ်စဉ်ကတည်းက ဖြစ်ချင်တာတွေတစ်ခုပြီးတစ်ခု
ဘာတစ်ခုမှ ဟုတ်တိပတ်တိ မဖြစ်ခဲ့ဖူးတော့
ဘဝမှာ ဘာဖြစ်ချင်သလဲဆိုတာတောင်
ဆုမတောင်းတတ်တော့တဲ့ နှစ်ဆယ့်ရှစ်နှစ်သား။

ဖေဖေက ထန်းတက်တယ်။ မေမေက စက်ချုပ်တယ်။
ငါက ဘာတစ်ခုမှ မဖမ်းနိုင်တဲ့ အကြီးကောင်
မမိုက်နဲ့
ရိုးသားရင် ကြိုက်တဲ့တံခါးကိုခေါက်ပြီး ဝင်လို့ရတယ်
စိတ်ကို တို့တို့ပြီးမောင်းလာတယ်။

ဒေါသကို ယမ်းငွေ့နဲ့ အပက်ခံရတဲ့အခါ
ယမ်းငွေ့ကို မီးပွားနဲ့ အတို့ခံရတဲ့အခါ
မရှို့လည်း လောင်ချင်နေတဲ့ လူငယ်။

အိမ်ကလေးရဲ့အဝေးမှာ
အိမ်မက်တွေ ကျကွဲ
အရာရာလွဲခဲ့ပေါ့။    ။


မိုးဇက်(သခွတ္တနယ်)