Thursday, 7 March 2013

စိတ်ချင်းဆက်အမြွှာ



မင်းနဲ့ ငါနဲ့ မတွေ့တာကြာပြီ သူငယ်ချင်း
ကြာ ဆို မင်းနဲ့ ငါနဲ့ တွေ့မှ မတွေ့ဖြစ်ကြတာ
မတွေ့ဖြစ်တာ မင်းနဲ့ ငါနဲ့ ကြာပြီ သူငယ်ချင်း
တကယ်တော့ကွာ
မင်းက အလုပ်ရှုပ်ချင်ယောင်ဆောင်လိုက်
ငါက အလုပ်များချင်ယောင်ဆောင်လိုက်
မင်း .... စိတ်ရော ၊ ခန္ဓာရော ကျန်းမာရဲ့မဟုတ်လား
တနေ့က မင်းပို့လိုက်တဲ့အိပ်မက်တွေ ငါ လက်ခံရရှိပါတယ်
ပန်းတွေ လို့ တင်စားမယ်ဆိုလည်း ပန်းတွေပေါ့ကွာ
ကြယ်တွေ လို့ ခိုင်းနှိုင်းမယ်ဆိုလည်း ကြယ်တွေပေါ့
ချိုလည်း ချိုရဲ့ မွှေးလည်း မွှေးရဲ့
ဒါနဲ့ မင်းဆီမှာ ဘာတွေထူးလဲ
ငါ့ဆီမှာ ထူးတာဆိုလို့ ဘာမှ ထူးထူးခြားခြားထူးတာမရှိဘူး
ဘတ်စ်ကားဂိတ်မှာ လာကြိုသူ
အိမ်အထိ ဖိတ်ခေါ် ကျွေးမွေး ပြုစုသူ
ဘီယာဖြင့် ဇွတ်အတင်းဧည့်ခံသူ
တစ်ညလုံးနီးပါး ဆွေးနွေးငြင်းခုံသူ
ဂျီကျသမျှ သည်းခံ ခွင့်လွှတ် နားလည်ပေးသူ
အပြန်လမ်းမှာ စီးတော်ယာဉ် စက်ဘီးကို တွန်းပြီး ဘတ်စ်ကားဂိတ်ထိလိုက်ပို့သူ
ငါ အဲဒီလို ရေးမှတ်ဖူးတယ် မင်းအကြောင်းကို
မင်းအကြောင်းဆိုပေမယ့် မင်းတစ်ယောက်တည်းအကြောင်း
မဟုတ်ဘူး။ မင်းတို့ အားလုံးအကြောင်း
ဒါ မင်းတို့ အားလုံးအတွက် ရေးတဲ့ကဗျာ
ငါ မင်းတို့အားလုံးအတွက်ပေးနိုင်တာ ၊ ဒါ
အေးကွာ ငါ အိမ်ကထွက်လာတာ ကြာပြီ ခုထိလည်း အရင်ကအတိုင်းပဲ
မင်းတို့ အရင်ကအတိုင်း မနေကြနဲ့
မင်းတို့ မငယ်တော့ဘူး လို့ မင်းတို့ကို ဘယ်သူမှ မပြောလည်း
မင်းတို့ မငယ်တော့ဘူး ဆိုတာ မင်းတို့ကိုယ် မင်းတို့ သိတယ်
မမိုက်နဲ့ ၊ လိမ္မာဖို့ပြန်ပြီး ကြိုးစားရလောက်အောင်
မမိုက်နဲ့ ၊ ငါတို့မှာ ဘတ်စ်ကားစောင့်ရင်း လစ်ဟင်းသွားတဲ့လေလွင့်ချိန်တွေကို
ဘယ်ကြမ္မာဒိုင်လူကြီးကမှ အချိန်ပိုထပ်မပေးဘူး
မင်း တီးခတ်လိုက်မယ့် အနုပညာ
မင်း ဖမ်းဆုပ်လိုက်မယ့်ဂီတ
မင်းတို့ တီးခတ်လိုက်မယ့် အနုပညာ
မင်းတို့ ဖမ်းဆုပ်လိုက်မယ့်ဂီတ ငါ ရှူရှိုက်ရမှ ဖြစ်မယ်
ငါ့မှာ ဘယ်အချိန်ကောက်ကာငင်ကာ ထွက်ပြေးမယ်မှန်းမသိတဲ့
အသက်ကြီးတစ်ချောင်းက ရှိနေတယ်။ သူမပြေးခင် မြန်မြန် လုပ်ကြကွာ
ငါကတော့ ထမင်းစားဖို့ အလုပ်တစ်ခုကို ရှာနေတုန်းပါပဲ
မင်းတို့ ငါ့ကို နားလည်မှာပါ
တကယ်တော့ အနုပညာသမားစစ်စစ်ဆိုတာ
တစ်ယောက်ဝေဒနာကို တစ်ယောက်မြင်ရတဲ့ စိတ်ချင်းဆက်အမြွှာပါပဲ
ဘာကိုမှ ဖမ်းဆုပ်သက်သေပြလို့မရတဲ့အခါ
ခုလိုမျိုး အ အ,အိပ်မက်ကို ဘာသာပြန်တယ်
ကမ္ဘာတစ်ပတ် ပတ်တယ်
ထိုင်ရာမထ ခရီးထွက်တယ်
ခြေတစ်ဖက်နိမ့်နေတဲ့ စားပွဲကလေးဆီ စိတ်ခဏ ခဏရောက်တယ်
မနက်ဖြန်ဆိုတာကို မင်းတို့ ယုံတယ်မို့လား
အလင်းရောင်တည့်တည့်မှာ မီးညှိကြတာပေါ့။   ။


မိုးဇက်(သခွတ္တနယ်)

မျက်စိကို မှိတ်ထားတယ် ညကိုက မအိပ်တာ



အိပ်လို့မရတာနဲ့ အိပ်လို့မရတဲ့အကြောင်း ကဗျာရေးတော့
မိုးမလင်းသေးတဲ့ကဗျာက အိပ်လို့ကောင်းတုန်း။

ကဗျာ
မင်း ငါ့ကို စိတ်ဆိုးနေတာလား လှမ်းခေါ်တိုင်း ထွက်ထွက်ပြေးပေါ့
အိပ်မပျော်တဲ့အခါ ငါ့ကိုချော့သိပ်
စိတ်ညစ်တဲ့အခါ ငါ့ကိုအားပေး
အရင်က ဒီလိုပဲနေခဲ့ကြတယ် မဟုတ်လား
ပြန် လာ ခဲ့ ပါ ကွာ
မင်းနဲ့ မဆုံဖြစ်တာကြာလို့ ငါ ခဏခဏ ဖျားတယ်
ဖျားလို့ စာတစ်လုံးမှ မရေးဖြစ်ဘူး
စာတစ်လုံးမှ မရေးဖြစ်လို့ ငါ ခိုက်ခိုက်တုန်အောင် ဖျားတယ်
ကဗျာ
ချစ်သောကဗျာ
မင်း ဘယ်မှာလဲ။

ကဗျာ
ဘာတံဆိပ်မှ မကပ်ပါဘူး
ရိုးရိုးသားသားပဲ ချစ်တယ်။

နှလုံးသားဖြင့်
ပူဇော်ပသပြီး ဖိတ်ခေါ်ပါတယ်။

မျက်စိကို မှိတ်ထားတယ် ညကိုက မအိပ်တာ။     ။


မိုးဇက်(သခွတ္တနယ်)

ကြိုးပြတ်ဂစ်တာတစ်လက်ရဲ့ ကွဲအက်သံစဉ်



ဘယ်သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောရမလဲ
.... လွမ်းတယ်။

ငါ့ အနားမှာ ဘယ်သူမှ မရှိဘူး
လိုလည်း မလိုအပ်ဘူး
လိုအပ်ခဲ့ရင်လည်း ထူ မ ပေးဖို့ပဲဖြစ်မှာ။

ငါ အသက်ရှင်နေသေးတယ်(ဒုက္ခပဲ)
ငါ မသေသေးဘူး ဒါပေမယ့် သေသလိုပါပဲ

ငါ ဘာကောင်လဲ
ငါ ပြောတဲ့စကားကို မယုံကြနဲ့
ခု မယုံကြနဲ့ ဆိုတဲ့ စကားကိုလည်း မယုံကြနဲ့

လေတွေ တိုက်ကြ။ ငါ လွင့်ပါသွားတဲ့ အထိ။
မိုးတွေ သည်းကြ။ ငါ မျောပါသွားတဲ့ အထိ။
နှင်းတွေ ဝေကြ။ ငါ့ကို ဖုံးလွှမ်းသွားတဲ့ အထိ။

သက်ရှိကမ္ဘာရဲ့ ငရဲပွက်သံတွေထဲမှာ
ကိုယ့်ရင်ဘတ်ကို ဆွဲဖွင့်ပြီး အော်မယ်
လွမ်းတယ်။

အလွမ်းဆိုတာ
ပိုးမွေးသလို မွေးထားတဲ့အနုပညာ
အနုပညာဆိုတာ
ပိုးမွေးသလို မွေးထားတဲ့အနာ
ငါ့မှာ ဒီအနာလေးပဲ ပွတ်လိုက် သပ်လိုက်။    ။


မိုးဇက်(သခွတ္တနယ်)

တကိုယ်တော် အခင်းအကျင်း ( ၂ )



ဘီယာဗူးခွံကို ခြေထောက်နဲ့ကန်ထုတ်လိုက်တယ်
လိမ့်ထွက်သွားတဲ့ဘီယာဗူးခွံဟာ ကျွန်တော်ဖြစ်ပြီး
ကန်ထုတ်လိုက်တဲ့ခြေထောက်တစ်ဖက်ဟာ ကံကြမ္မာဖြစ်တယ်
ဇာတ်က အဲဒီလိုပဲ။

ကမ္ဘာကျဉ်းကျဉ်းလေးမှာ ပေါက်တဲ့
ဦးနှောက်သေးသေးလေးတွေက
ကျွန်တော့အိပ်မက်ကို အလန့်တကြား ပုတ်ထုတ်ကြ
တထိတ်ထိတ်လန့်နေတဲ့အရိပ်က ခုထိ အကောင်ထင်တုန်း

စီးကရက်ကို မီးညှိလိုက်တယ်
မရှိုက်ဖွာတတ်လို့လား မသိ
အခါးသက်သက်
အကယ်က
မီးညှိ ဖွာရှိုက်လိုက်တာ စီးကရက် မဟုတ်ဘူး
လက်လှမ်းမီရာ ပစ္စုပ္ပန်တစ်ဖဲ့ကို ကောက်ဝါးလိုက်တာ။

ဖေဖေ့ရဲ့ လက်ရံုံးတစ်ဖက်ဟာ ကျွန်တော်မဖြစ်ခဲ့ဘူး
မေမေ့ရဲ့ မျှော်လင့်ချက်ဟာ ကျွန်တော်မဟုတ်ခဲ့ဘူး
ကျွန်တော်ကငါးဖမ်းသင်တန်းတွေကို မတက်ချင်သူ

တံခါးအားလုံးကို ရိုက် ချိုး
နံရံအားလုံးကို ဖောက်ထွင်း
ကျွန်တော်ဟာ
လူငယ်စိတ်နဲ့မူးနေတဲ့ အရက်ပုလင်းဖြစ်တယ်။

မြို့ပြရေ ...
အသက်ရှူလမ်းကြောင်းကို ခဏလောက် ရှင်းလင်းပေး
ကျွန်တော် အသက်ရှူရတာမဝဘူး။ မောတယ်
မဟုတ်သေးဘူး။ ကျွန်တော် အသက်ရှူရတာ မောတယ်။ မဝဘူး။
မဟုတ်သေးဘူး။ မဟုတ်သေးဘူး။
ကျွန်တော်က ဒီမြို့ရဲ့ SEXY ကျပုံကိုကြည့်ပြီး အသက်ရှူမဝ
မောနေတာ။

ဆံပင်ရှည်နဲ့ နားဍောင်းနဲ့
ကိုယ်ကျပ်အင်္ကျီနဲ့ အသားကပ်ဘောင်းဘီနဲ့
လက်သည်းချွန်ချွန်ကို ဆေးဆိုးထားသေး
အမြင်ကပ်စရာကောင်းလောက်အောင်
လက်မောင်းမှာ အရုပ်တွေထွင်းထားသေး
(ယောက်ျားလား မိန်းမလား မသိတော့)

ဒါပေမယ့် ညနေတော့ ညနေပါပဲ
သဟဇာတမဖြစ်တဲ့ ရနံ့မှာ နစ်နစ်မူးမူး နစ်လို့
ရွှေချထားချင်စရာကောင်းလောက်အောင်လှတဲ့ ဒုက္ခတွေနဲ့ညနေ။    ။


မိုးဇက်(သခွတ္တနယ်)

တကိုယ်တော် အခင်းအကျင်း ( ၁ )


လေထဲကအသံတွေ လေထဲမှာပေါလော
ရေးသမျှ အရာမထင်သောအရုပ်နှယ်

မြို့ဖြစ်ပြီး
မြို့ယောင်ဆောင်ထားရတဲ့ ဒီမြို့လေးမှာ
လူယောင်ဆောင်ထားတဲ့ ဘဝလေးတွေ

အခု စားနေတဲ့မနက်စာဟာ
မနေ့မနက်က စားရမယ့်မနက်စာလို့
ပထမကဗျာရဲ့ဆက်ထုံးက
ဒုတိယကဗျာရဲ့ နိဂုံးမှာ
လာ ငြိနေသလိုမျိုး

နတ်ကောင်း နတ်မြတ်တွေက
မပြေအောင်အကွက်ကျကျ ဆင်ထားတယ်
အဆင်မပြေဘူး

ဒီမြို့မှာ
ငါက ခွေးလေ ခွေးလွင့်
အိမ်မဲ့ ခြံမဲ့ သခင်မဲ့
ဒါပေမယ့်
သစ္စာမမဲ့ဖို့ ကိုယ်အမည်နာမကို
ထိုးထိုးဟောင်နေရ

စက္ကူစုတ်ကြီးပေါ်မှာ
စကားလုံးလှလှလေး ရေးလိုက်တယ်။
ဘယ်သူမှ မသိတဲ့ အဲဒီစာအုပ်ဟာ ငါ့ အတ္ထုပ္ပတ္တိ ဖြစ်တယ်။

မိုးဇက်(သခွတ္တနယ်)

စိတ်မိုက်စိတ်ရိုင်းတွေကို စိတ်ရှိလက်ရှိ လွှတ်ကျောင်းမိတဲ့နေ့


  • အဲဒါ ဟာသကားဆိုမှ။ ငါလည်း အသံထွက်အောင် ရယ်မိတော့တယ်။ အတောမသတ်။

  • ဘာတွေပြောင်းလဲသွားပြီလဲ။ ဘာမှ မပြောင်းဘူး။ လဲ နေ တုန်း ပဲ။ ဘာတွေ လဲ ကုန်ပြီလဲ။ ဘာမှ မလဲဘူး။ သွားနေတုန်းပဲ။ ဘယ်ကို သွားနေတာလဲ။ ပြောင်း ပြောင်းပြီး သွားနေတာ။ လဲ လဲပြီး သွားနေတာ။ ခုထိ ဘယ်မှ မရောက်ဘူး။

  • ဒီ Status လေးတွေက အဖိုးတန်တဲ့ ရွှေမှုန်ရွှေစလေးတွေဆိုရင်ခင်ဗျား ယုံကြည်နိုင်ပါ့မလား။ ယုံပါ။ ရွှေတုံးရွှေခဲတွေ ဖြစ်လာမယ့် ဖြုန်း ( ဗြုန်း) တွေဆိုတာ ယုံထားပါ။ဆရာဝန်ကတော့ ကျန်းမာရေးအတွက် ယုံယုံကြည်ကြည် ညွှန်းသွားတယ်။Sexy ဖြစ်ရင် ကြည့်ရမှာပဲ။

  • ပြေးကြပေါ့။ ခင်ဗျားတို့မှာ ခြေထောက်ရှိတာပဲ။ ပျံ / ပြန်ကြပေါ့။ ခင်ဗျားတို့မှာ အတောင်ပံရှိတာပဲ။ ခံစားကြည့်ပေါ့။ ခင်ဗျားတို့မှာ နှလုံးသားရှိတာပဲ။ တွေးကြည့်ပေါ့။ ခင်ဗျားတို့မှာ ဦးနှောက်ရှိတာပဲ။
  

  • ကျွန်တော် ဘာပြောလဲဆိုတာ . . . .။      ။


မိုးဇက်(သခွတ္တနယ်)

Wednesday, 6 March 2013

ဇာတ် ဝင် တေး


ခါတော်မီ ၊ သီကာကုံး
မုန်းရန်စွယ် ၊ ကွယ်ပျောက်စေ
ချွေဆုတောင်း ၊ ကောင်းသောနှစ် ၊ မေတ္တာဝေ။

နွေသခင် ၊ ယဉ်စစ
လှပျိုမေ ၊ ရွှေပိတောက်
မောက်ဂုဏ်ဝင့် ၊ တင့်တယ်ဆင်း ၊ ဝင်းပပ။

ငုဝါရွှေ ၊ နွေတကြော
တောသူမ ၊ လှသွေးကြွယ် ၊ ဘယ်မြို့သူ
တူပြိုင်စမ်း ၊ ပန်းမာလာ။

နွေဥသြ ၊ တောလုံးညံ
သံချိုပေး ၊ တေးသီအော်
မျှော်လေတိုင်း ၊ မှိုင်းမျက်ရည် ၊ ဝေကာဥ။

နှစ်သစ်ကူး ၊ တူးပို့ပို့
မြို့မငြိမ်း ၊ ယိမ်းတေးသံ
ဟန်ချက်ညီ ၊ ပြည်တစ်ဝှမ်း ၊ လွှမ်းလို့ကျော်။

စည်တိုသံ ၊ ညံမစဲ
ပွဲတော်ခါ ၊ လာတဲ့မေ
ရေသဘင် ၊ ဆင်ယင်နွှဲ ၊ ရွှဲရွှဲစို။

ရွှေရင်အေး ၊ ကျွေးမွေးလှူ
လူဧည့်သည် ၊ ဘယ်ရွာသား
စားလှဲ့ခေါ် ၊ ဖော်ရွေကာ ၊ ရွာဓလေ့။

နှစ်ဆန်းရက် ၊ သက်ကြီးသူ
ပူဇော်ပွဲ ၊ နွှဲကြကုန်
ဒုလ္လဘ ၊ ရဟန်းခံ ၊ ဆံတော်စွန့်။

သင်္ကြန်လို့ ၊ တို့တွင်ခေါ်
ပျော်သည့်ပွဲ ၊ ကဲသည့်ဟန်
ပြန်ကာလွမ်း ၊ တမ်းတသည် ၊ ဒီချိန်တိုင်း။

တစ်နှစ်မှာ ၊ ခါတစ်ပွဲ
နွှဲကြဟန် ၊ မြန်ဓလေ့
မေ့ပါနိုင် ၊ ထိုင်ကာတွေး ၊ ရေးကဗျာ။     ။

မိုးဇက်(သခွတ္တနယ်)

March , 2010
 
 

ခါတော်မီအိပ်မက်


အဲဒီရက်ကျမှ ပိတောက်ပင်ကလေးက ပင်လုံးကျွတ်ရွှေဘယက်တွေညွှတ်လို့
ဥသြငှက်ကလေးက ချစ်သူကိုပြန်တွေ့သလို အားရဝမ်းသာထအော်လိုီု့
နွေလယ်မိုးက ဖုန်ထူလမ်းမကို ညင်ညင်သာသာချော့သိပ်လို့
ရွာအလယ်မဏ္ဍာပ်ကလေးက အုန်းစိုလက်တွေညွှတ်လို့
မြန်မာ့ဂီတစစ်စစ် စည်တိုသံတွေက တစ်နိုင်ငံလုံးကို ညှို့ယူလို့
နှစ်စဉ် ရိုးရာယဉ်ကျေးမှုအတိုင်း စီးဆင်းလို့
လူငယ်တွေက သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးလို့
ရေချိုးပေးလို့ ၊ စတုဒိသာကျွေးမွေးလို့ ၊ တီးမှုတ်ကခုန်ပျော်ရွှင်လို့
တစ်ဦးကိုတစ်ဦး ရေပက်ကျီစယ်လို့
လူကြီးမိဘတွေက ဘုန်းကြီးကျောင်းကိုသွားလို့
ဘုရားဆင်းတုတော်ကို ရေသပ္ပာယ်လို့
ဥပုသ်သီလဆောက်တည်လို့
ကာလသားတချို့က ဒုလ္လဘရဟန်း သင်္ကန်းစည်းလို့
နှစ်ဟောင်းရဲ့ အညစ်အကြေးတွေကို ဆေးကြောလို့
သန့်စင်လို့ .... နှစ်သစ်ကို ကြိုဆိုလို့
ငါက အိပ်မက်ထဲမှာ " အိပ်မက်စေတမန် " သီချင်းကို သီဆိုလို့
မင်း .... လာမယ်ဆိုလို့ ။ ။

မိုးဇက်(သခွတ္တနယ်)