Monday, 24 December 2012

သေတမ်းစာ

ငါ အရမ်းချစ်တယ် " မအ၀ှာ "

အဲဒီစကားကို နောက်တစ်ခေါက်ထပ်မပြောချင်ဘူး
နောက်တစ်ယောက်လည်း ထပ်မပြောချင်ဘူး

ဒါပေမယ့် ငါ့ကို မုန်းပါ
ငါ့ကို ချစ်မိသွားတယ်ဆိုရင်တောင်မှ ငါ့ကိုမုန်းပါ

ဘ၀အာမခံချက် မရှိခြင်းဟာ
ချစ်ခြင်းကိုလည်း ယိမ်းယိုင် ပြိုလဲစေတယ် လို့
ငါ့ အုတ်ဂူထက်မှာ ရေးထွင်း
ငါ့ သူငယ်ချင်းတို့ သင်ခန်းစာရစေကွယ် ။ ။

မိုးဇက်(သခွတ္တနယ်)


Wednesday, 19 December 2012

ဥဒါန်း


ချစ်ခင်လေးမြတ်စွာဖြင့်
လူတချို့ကို အလေးပြုလိုက်ပါ၏
နားနှစ်ဖက်ပိတ်ပြီး
ဝင်ရောက်ဆွေးနွေးသောသူနှင့် ၀င်ရောက်ဆွေးနွေးခြင်းမပြုနိုင်သော
ကျွန်တော်သည်
စက်ရုပ်တစ်ကောင်၏အပြုံးကို " လောက၀တ် " ဟု
ကြံဖန်ပျူငှာတတ်သောသူတို့နှင့်လည်း
ဆန့်ကျင် ကွဲလွဲကြောင်း

ကိုယ့်ပေါင်ကို ကိုယ့်ကလောင်နှင့် လှန်ထိုးမိသည်ဖြစ်စေ
သူ့နောက်ကျောကို လှမ်းထိုးမိသည်ဖြစ်စေ
နာကျင်ရတာချင်း အတူတူပဲဆိုတာ
ငုံ့ထားသောဦးခေါင်းပေါ်
တံတားတစ်စင်းလို နင်းလျှောက်သွားသောလူတချို့အား
အလေးပြုပါ၏ ။ ။

မိုးဇက်(သခွတ္တနယ်)


တိုက်ဆိုင်မှုရှိလျှင် ထိုသူများကိုရည်ညွှန်းပါသည်



ဘာကြာသေးလို့လဲ အွန်လိုင်းပေါ်စရောက်လာတာ
ဘာကြာသေးလို့လဲ ဖေ့ဘွခ်ကိုသုံးတတ်လာတာ
ဘာကြာသေးလို့လဲ သူတို့နှစ်ယောက် စတွေ့ကြတာ
ဘာကြာသေးလို့လဲ သူငယ်ချင်းတွေဖြစ်လာကြတာ
ဘာကြာသေးလို့လဲ သံယောဇဉ်တွေ ရစ်ပတ်တွယ်တာ
ဘာကြာသေးလို့လဲ တဆင့်တက်ပြီးချစ်သူဖြစ်တာ
ဘာကြာသေးလို့လဲ ကတိသစ္စာတွေချည်နှောင်ကြတာ
ဘာကြာသေးလို့လဲ စိတ်ကူးတွေ အိပ်မက်တွေ ပုံတူကူးတာ
ဘာကြာသေးလို့လဲ ရယ်မောလိုက် နောက်ပြောင်လိုက်လုပ်နေတာ
ဘာကြာသေးလို့လဲ စိတ်ဆိုးလိုက် ကြည်နူးလိုက်လုပ်နေတာ
ဘာကြာသေးလို့လဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လုပ်နေတာ
ဘာကြာသေးလို့လဲ မတွေ့မဆုံရ မနေနိုင်အောင်ဖြစ်နေတာ
ဘာကြာသေးလို့လဲ တူတူပုန်းတမ်းကစားနေတာ
ဘာကြာသေးလို့လဲ သံသယမီးတွေ ထလောင်တာ
ဘာကြာသေးလို့လဲ ....
ဘာကြာသေးလို့လဲ .... ....
ဘာကြာသေးလို့လဲ .... .... ....
ဘာကြာသေးလို့လဲ နှစ်ဦးသဘောတူ/မတူ လမ်းခွဲသွားတာ
ဘာကြာသေးလို့လဲ ဘာမှ မကြာသေးဘူး ။    ။

မိုးဇက်(သခွတ္တနယ်)

ဝန်ခံချက် ။   ။ အထက်ပါခေါင်းစဉ်မှာ မွေးစားစကားလုံးဖြစ်ပါသည် ။


အိမ်ကလေး ရဲ့ အဝေးမှာ


အိမ်ကလေး ရဲ့ အဝေးမှာ ငါဟာ အိမ်ပြေးလေးတစ်ယောက်လို
အိမ်အများအပြားပိုင်ဆိုင်တဲ့ ခြေသလုံးအိမ်တိုင်မင်းသား ဖြစ်ခဲ့ဖူးတယ် ။

အိမ်ကလေး ရဲ့ အဝေးမှာ ငါဟာ ဂျစ်ပစီတစ်ယောက်လို ရိုးသားခဲ့ဖူးတယ်
လူကြီးလူကောင်းတစ်ယောက်လို မိုက်မဲခဲ့ဖူးတယ်
ကလေးသူငယ်တစ်ယောက်လို ယဉ်ကျေးခဲ့ဖူးတယ်
လူယဉ်ကျေးတစ်ယောက်လို ရိုင်းစိုင်းခဲ့ဖူးတယ်
လူရိုင်းတစ်ယောက်လို ဖြူစင်ခဲ့ဖူးတယ်
လူ့ဂွစာတစ်ယောက်လို ပွင့်လင်းပြတ်သားခဲ့ဖူးတယ် ။

အိမ်ကလေး ရဲ့ အဝေးမှာ ငါဟာ သားကောင်လိုတိုက်ခိုက်ခဲ့ဖူးတယ်
မုဆိုးလို ထောင်ချောက်မိခဲ့ဖူးတယ် ။

အိမ်ကလေး ရဲ့ အဝေးမှာ ငါဟာ ဖိနပ်တစ်ရံလိုပြောင်လက်ခဲ့ဖူးတယ
တစ်ရှူးတစ်စလို ပေကျံခဲ့ဖူးတယ် ။

အိမ်ကလေး ရဲ့ အဝေးမှာ ငါဟာ ' ထ' ဆင်ထူးကိုထောင်ပြီး ' ၀ိ' လုပ်ပြီး နေထိုင်ခဲ့ဖူးတယ်
ခုထိတော့ '၀' လုံးကိုတောင်မှ ၀ိုင်းအောင်မရေးတတ်သေးပါ ။

အိမ်ကလေး ရဲ့ အဝေးမှာ ငါဟာ
ကောင်းကင်က ကြယ်ကလေးကိုပဲ ငေးကြည့်နေမိတော့တယ်
မိသားစုတွေ ဘယ်တော့ပြန်ဆုံမလဲ မေမေ ။ ။

မိုးဇက်(သခွတ္တနယ်)
 

Friday, 23 November 2012

ဒီဇင်ဘာ


အဖြူရောင်ဝတ်ရုံလေးခြုံလိုက်ရင်
နှင်း
သိပ်လှတာပဲ
အဲဒီ အလှတရားမှာ
တချို့လည်း ခိုက်ခိုက်တုန်လို့
နှုတ်မဆက်
လက်မပြ
ကျောမခိုင်း
လမ်းခွဲ
အေးစက်စက်
အပြုံးတွေ ပွင့်ဝေလိုက်ပုံက
ကမ္ဘာတစ်ခြမ်းလုံး မွှေးရဲ့ ။ ။

မိုးဇက်(သခွတ္တနယ်)

ဆောင်း ဦး ပေါက် ရွာ

လင်းကြက် .... တွန်သံ
အုန်းမောင်း .... ခေါက်သံ
နိဗ္ဗာန် .... ဆော်သံ
ဆွမ်းချက် .... ထသံ
ပဲပြုတ် .... အော်သံ
ခွေး .... ဟောင်သံနှင့်
နွား .... ငေါက်သံ ။ ။

မိုးဇက်(သခွတ္တနယ်)

Friday, 9 November 2012

မျက်မြင်ဒိဋ္ဌမရှိတာကို မျက်စိမှိတ်ဖမ်းနေမိတဲ့ ကိစ္စ


လိုအပ်ရင် မျက်နှာမော့ပြီး ကောင်းကင်ကို တံတွေးနဲ့လှမ်းထွေးမယ်
ငါ့ ကိုယ်ပိုင်မကောင်းမှုကို ငါ ကိုယ်တိုင်ပဲ ကမ္ဗည်းထိုးပစ်မယ်
လက်ဖျစ်တစ်ချက်မှာ လက်ကနဲ ပွင့်သွားတဲ့အလင်း
အဲဒီအလင်းမှာ ၀ိုးတ၀ါးမြင်လိုက်ရတဲ့လမ်း
ပျံသန်းခွင့်မှမရရင် ကိုယ့်အတောင် ကိုယ်ရိုက်ချိုးမယ့် လူငယ်စိတ်နဲ့
လကွယ်ညဟာလည်း လအနက်ထွက်ကြောင်း
ရှာ .. ဖွေ .. တွေ့ .. ရှိ .. မိတဲ့အခါ
သံယောဇဉ်ဦးက အသည်းကွဲရသဟာလည်း အနုပညာပဲ
သွေးအေးတယ် အကြမ်းပတမ်းခံတယ်
လက်ခုပ်သံကို ဈေးကြီးပေး ၀ယ်ယူလို့မရမှန်းတော့ သိပါရဲ့
ဖယောင်းကို ကျိုချက်ပြီးမှ ဖယောင်းကို
ပြန်လည်ထုတ်ယူကြတဲ့နည်းကို သိပ်မကြိုက်လို့
နည်းနည်း နောက်ကျသွားတာပါ
ပဋိသန္ဓေတည်ချိန်က စပြီးရေတွက်ရင်
ငါ့ ကိုယ် ငါ
မွေးဖွားရတာ ၁၀ နှစ်ကြာတယ် ။  ။

မိုးဇက်(သခွတ္တနယ်)


Thursday, 8 November 2012

တနင်္ဂနွေဖွား


ကဗျာဆရာဆိုတာ
ကဗျာဈာန်ရတဲ့အချိန် အမိအရ ထ,ပျံနိုင်မှ
ညက လက်ကျန်အတွေးနဲ့
ဒီမနက် ပြန်နွှေးထားတဲ့ စကားလုံးနဲ့
ဒီလိုပဲ နယ်ဖတ်ပြီး စိတ်နဲ့ အစပ်အဟပ်မတည့်တော့
ရွာကို ဖုန်းဆက်မယ် ဆိုပြီး အခန်းပြတင်းနံဘေး
တစ်ယောက်က သွားရပ်တယ်
တစ်ယောက်က ဂစ်တာကို တဗျင်းဗျင်းကုတ်တယ်
ထိုင်းသီချင်း(Thai Song) ဆိုမလား
ပင်လယ်ခုနစ်စင်း(Seven Sea) ဖြိုမလား
ကုလားတစ်ကောင်က ဖဲထုပ်ကြားက ခေါင်းတထောင်ထောင်
ဖုန်းသုံးလုံးနဲ့ ဇယားရှုပ်သူက တစ်ယောက်
ဟိုဇာတ်ကားကို အတွဲလိုက်ကြည့်နေတဲ့သူက
သူများရူးသလို လိုက်မရူးလို့ ငါ့ကို အရူး တဲ့
ခက်တယ်
အပြင်မှာ ပျံဝဲလိုက်
ကဗျာထဲပြေးဝင်လာလိုက် နိမိတ်ပုံတွေက
ဒီနေ့ ဘယ်မှမသွားဘူး ဘယ်မှ မရောက်ဘူး
ညီမလေးရယ် ကိုယ်ရယ် တနင်္ဂနွေရယ်
စိတ်ဆိုးလိုက် ချော့လိုက် စိတ်ကောက်လိုက်
တံခါးခေါက်သံအဆုံးမှာ
ပုဆိန်(Kapar) နှစ်လက်က လက်ထဲမှာ ဝှေ့ရမ်းလို့
မ,တစ်ရာသားတွေ လက်ချက်နဲ့
ငါ့ကဗျာလေးလည်း အပိုင်းပိုင်း အထစ်ထစ် ။

မိုးဇက်(သခွတ္တနယ်)


Tuesday, 9 October 2012

အသည်းကွဲ ဂစ်တာ


ရုတ် တရက် !

ငါ့ ရင်ဘတ်ကို ပုတ် - နှိုး
        ကြိုးတပ်ပြီး
             သီချင်း လုပ် - ပြီး
ဆိုသွားတယ် ။

ပန်းသီးတစ်လုံးရဲ့အဆိပ်က
ပြင်း - တယ် ။   ။

မိုးဇက်(သခွတ္တနယ်)


Monday, 8 October 2012

ရည်းစားစကား


သင်္ကေတ နဲ့ နိမိတ်ပုံတွေ့ရင်
အနုပညာတစ်ခုခု ဖန်တီးပါ ။

အရောင် နဲ့ အလင်းအမှောင်တွေ့ရင်
ပန်းချီဆွဲပါ ။

စကားလုံး နဲ့ ဆွဲအားကိုတွေ့ရင်
ကဗျာရေးပါ ။

သံစဉ် နဲ့ လှိုင်းကိုတွေ့ရင်
သီချင်းရေးပါ ။

အထီးကျန်မှု နဲ့ တိတ်ဆိတ်မှုကိုတွေ့ရင်
ဂစ်တာတီးပါ ။

ရင်ခုန်သံ နဲ့ နှလုံးသားတစ်စုံတွေ့ရင်
ငါ့ကို အကြောင်းကြားပါ ။   ။

မိုးဇက်(သခွတ္တနယ်)

တူးသောင်ဇင် အီလဲဗင်း


ဇာတ်ခေါင်းကွဲသူအချင်းချင်း ဝါးကူထိုးလို့
ခွက်စောင်းခုတ်တဲ့ ကိစ္စတွေ
မုဆိုးလိုရင့်လို့
သားကောင်လိုကျင့်တဲ့ ပုံပြင်တွေ
သောကြာကြယ် ကြွေလို့
သောကြာကြယ် ပြန်ပွင့်တဲ့ ပဉ္စလက်တွေ
ပြက္ခဒိန်အိုကြီးထဲ ထားခဲ့လိုက်တော့ ...

နေ့သစ်တွေဟာ
မြေခွေးလို ကောက်ကျစ်ချင် ကောက်ကျစ်မယ်
ရေတံခွန်လို ကိုယ့်လမ်း ကိုယ်ဖောက်ချင်ဖောက်မယ်
မြစ်ပြင်လို ကွေ့ကောက်ချင် ကောက်မယ်
သမုဒ္ဒရာဆန်ချင်လည်း ဆန်မယ်

ဒီတော့
ရေဆန်ကိုအန်တု
ဝေဒနာတွေကုလို့
ကမ်းအရောက် ကူးခတ်ကြမယ်ကွယ့်
နှစ်ထောင့်ဆယ့်တစ်ခု ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ (၂) ၊ အမှတ် (၂) ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၁ ၊ သတင်းကွန်ယက်ဂျာနယ် ၊ မလေးရှား ။


Sunday, 7 October 2012

ချစ် အယူခံ


သက်ဆုံးတိုင် ချစ်ခိုင်ခိုင်မြဲလို့
လက်ကို ပိုင်ပိုင်ဆွဲ
ရှင်မခွဲ သေအတူ
မငြူစူ စိတ်ထား ။

ကြားစကား နားမယောင်
မမှားအောင် သည်မောင်ထိန်းပါ့မယ်
စိမ်းပါနဲ့လား ။   ။

မိုးဇက်(သခွတ္တနယ်)

တိုးတိုလေးညည်းတဲ့ တေးသံ


အဲဒီနေ့က အမေအိုက ရွာထိပ်ကိုလိုက်ပို့လို့
သူ့မျက်ဝန်းမှာ မျက်ရည်စိုလို့
ကျွန်တော် မလေးရှားကို သွားမယ်ဆိုလို့
ဘိုးဘွားမိဘတွေကို ထိခြင်းငါးပါးနှင့် ကျွန်တော်ကန်တော့လို့
ဆုံးမဩဝါဒစကားတွေကို နာယူလို့ မှတ်သားလို့
နိုင်ငံခြားမှာလိမ်လိမ်မာမာ နေထိုင်ဖို့
အနန္တော အနန္တငါးပါးကို မမေ့ဖို့
ချွေချွေတာတာ သုံးစွဲဖို့
ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းဖို့
အရက်သေစာ မသောက်စားဖို့
ကိုယ့်ဘဝအမှန်ကို တတ်သိနားလည်ဖို့
ဘိုးဘွားပိုင်အိမ်ကလေးကို ပြန်ရွေးနိုင်ဖို့
.......    ...........  ...........    ........ ဖို့
.......    ...........  ...........    ........ ဖို့
အခု ကျွန်တော်အလုပ်အကိုင်မကောင်းလို့
Agent တွေကို မေတ္တာပို့
အိမ်ကိုလည်း ငွေမှန်မှန်မပို့
ပြန်ရမယ့်ရက်ဆိုတာ မှုန်ဝါးလို့
မိအို ဖအိုတွေကို သနားလို့
သားတစ်ယောက်ရဲ့ ဝတ္တရား မကျေပွန်ခဲ့လို့ ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၃) ၊ အမှတ်(၁၃) ၊ ဒီဇင်ဘာလ ၊ ၂၀၀၉ ၊ လမ်းသစ်ဂျာနယ် ၊ မလေးရှား ။

* ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရသော ကဗျာ(စာမူ) ဖြစ်ပါသည်။*


Friday, 28 September 2012

အိမ် ပြန် ချင် တယ်



အိမ်ကလေးကိုထား အိမ်အဝေးကိုသွားပြီး
မေတ္တာတရားတွေမရှိတဲ့အရပ် ကမ်းကပ်မိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

ဝမ်းတစ်ထွာအရ ဒူးပေါ်ပေါင်ပေါ်ယဉ်ကျေးမှုထဲစီးမျော
တောပန်းလေးကထွက်တဲ့ မိတ်ကပ်ရနံ့ကို နေ့ခင်းမှောင်မှောင်ထဲ ရှူရှိုက် မူးမိုက်မိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

ပေးပို့လိုက်တဲ့ Message တွေ လက်ခံရရှိကြောင်း
သူမဆီက သတိတရတုံ့ပြန်အကြောင်းကြားမလာတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

တနင်္ဂနွေမလေး က စိတ်ဆိုးစိတ်ကောက်ရတာကိုပျော်လို့
ချော့မော့ ပြောဆို ညှိနှိုင်း ဆွေးနွေးခြင်းကို ခါးခါးသီးသီးဖြစ်နေတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

တိတ်တိတ်လေးကြကွဲနေရတဲ့အကြောင်း
ဘယ်နံရံရဲ့နားထဲကိုမှ ငါ့ တေးသွားတွေ ဖွင့်အန် ဟစ်ကြွေး သီဆိုခွင့်မရတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

ဘယ်လောက်ပြေးပြေး လိုက်မမီလောက်အောင်မြန်တဲ့ ခေတ်ကြီးထဲ
လဲကျ နာကျင် ဝမ်းနည်း ကြေကွဲလို့ အားပေးဖော်မရှိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

တဖွဲဖွဲ တလွင့်လွင့် ကြွေဆင်းလာတဲ့မိုးစက်တွေအောက်
ဘောလုံးကန် ရန်ဖြစ်ခဲ့တဲ့အတိတ်ဖြူဖြူလေးကို ပြန်လည်တူးဖော်မိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

ချစ်လှစွာသော တောသူတောင်သားရောင်းရင်းတွေနဲ့
ထုံးဖြူဖြူစေတီလေးကို ငါးနှစ်တိုင်တိုင် ဖူးမြော်ပူဇော်ခွင့်မရရှိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

သေရင်တောင်ကူးတို့ခမပေးနိုင်လို့ သေမင်းကခေါင်းခါလက်မြှောက်ထားရတဲ့
ဂျစ်ပစီတို့ရဲ့နေနည်းထိုင်နည်းအနုပညာကို သင်ယူတတ်မြောက်ပြီးတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

မိသားစုဓါတ်ပုံထဲက သမ္မာအာဇီဝကို လုံးဝမယုံကြည်တော့တဲ့မျက်ဝန်းတွေအကြောင်း
နဖူးပေါ်လက်တင် စိစစ် ဘာသာပြန်ကြည့်မိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

ညီမလေးဆီက ပဲတီတွန့်ကွေးလက်ရေးလေးနဲ့
မိသားစုထမင်းဝိုင်းအိပ်မက်ကို မမျှော်လင့်ပဲဖတ်လိုက်ရတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

တစ်နေကုန်စက်ချုပ်ပြီး ရှာဖွေ ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့အမေ့ဆီက
သားကြီးဆီက ငွေမမျှော်ပါဘူး ဆိုတဲ့မေတ္တာစကားကို ရင်နဲ့မဆံ့ လက်ခံရရှိတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

ငါ့သားတွေ တစ်ယောက်မှထန်းသမားမဖြစ်စေရဘူး ဆိုပြီး (ထန်းတက်ရင်း)
ထန်းလျှောလို့ ခြေတစ်ဖက်ကျိုးသွားတဲ့အဖေ့ကို သနားဂရုဏာစိတ်နဲ့ ည ည အိပ်မပျော်ဖြစ်တဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။

အိမ်ပြန်ချင်တဲ့အကြောင်း တိတ်တိတ်တိုးတိုး ကဗျာတွေရေးခြစ်
အိမ်လွမ်းမြစ်ကလေး အလွမ်းတွေ တရိပ်ရိပ် လျှံတက် ပြည့်မောက်လာတဲ့အခါ
ငါ အိမ်ပြန်ချင်တယ် ။  ။

မိုးဇက်(သခွတ္တနယ်)

Friday, 21 September 2012

ဖုန်းသရဲ


တစ်ချက်ပစ်လို့
တစ်ကောင်မကျတော့ ဘာအရေးလဲ
ငါ့ လေသေနတ်မှာ
ပျားရည်စိမ်စကားလုံးတွေ အတွဲလိုက်အသင့် ။

ဖုန်းလိုင်းထဲကတဆင့်
အပျံသင်စ မြီးကောင်ပေါက်အရွယ်ကနေ
ကျော့ကွင်းက အကြိမ်ကြိမ်ရုန်းထွက်ဖူးတဲ့
တောင်ပံကျိုးတွေအထိ
Message တစ်ခုနဲ့ စမျှားမယ် ။

က္ကုတ္ထိယမှန်ရင်လာခဲ့
အကြံအဖန်ပဲဖြစ်ဖြစ်
အမှန်အကန်ပဲချစ်ချစ်
ငါ့ ပစ်ကွင်းထဲဝင်ရင် ငါ့ သားကောင်ပဲ တပ်မက်စိတ်နဲ့
ဘယ်ဂျာနယ်မှာပါတဲ့
ဘယ်ဖုန်းနံပါတ်ကို
ဘယ်သို့
ဘယ်ပုံ
ဘာညာ သာရကာ
( ×××× ×××× ×××× ×××× ) ၊၊

ည ညဆို
ဖုန်းလိုင်းထဲက စကားသံချိုနဲ့အိပ်စက်လို့
ဖုန်းလိုင်းထဲက စကားသံချိုနဲ့မျက်နှာသစ်မယ်
စိတ်ကူးနဲ့ရူးမိတဲ့ကောင်လေ
ခုတော့ ဂျီ (G)  တစ်ကောင်ကို မှားယွင်းပစ်ခတ်မိလို့
ဖုန်းခေါ်သံကြားတိုင်း လန့်အော်နေမိတဲ့ မုဆိုးပေါ့ ။   ။

မိုးဇက်(သခွတ္တနယ်)

_________________  သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား ။


ကိုတာရာယာ


စာဥလွမ်းနေကျ
ရှုမျှော်ခင်းနောက်ခံနဲ့ အချင်းချင်းရုပ်ရှင်ရိုက်
အိပ်မက်မြစ်ထဲ
ပက်လက်မျောတဲ့ ဒိုင်ယာလော့ခ်တွေ
ဖွင့် ... ဖောက် ... ဖတ်
အသည်းကွဲရပ်ဝန်းလေးပါ
ကိုယ့်ကိုယ်ကို ဖုန်းပြန်ခေါ်ရတဲ့အဖြစ်
ချစ်တတ်သူများမဝင်ရ ။   ။

မိုးဇက်(သခွတ္တနယ်)

* KOTARAYA= မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လည်ခေါင်မှ ကုန်တိုက်တစ်ခု၏အမည် *


ကဗျာဆရာ

ကဗျာဆရာ
ကဗျာမရေးဖြစ်ခြင်းကို အပြစ်တစ်ခုလို့သတ်မှတ်
ငါ့ကို ပုဒ်မတပ်ပြီး အရေးယူပါ ။

ဘယ်လိုသွေးလဲမသိဘူး
ရင်ထဲမှာ ကဗျာပဲရှိတယ် ။

စိတ်ချ
ကဗျာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်ကို
ငါ တစ်သက်လုံး ဆုပ်ထားမယ် ။ ။

မိုးဇက်(သခွတ္တနယ်)

__________________ ၂၀၁၂၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား

Monday, 17 September 2012

လှေကားဆယ့်သုံးထစ်


အိမ်
ဘိုးဘွား
ငေးငိုင်ငို
ကွဲကွဲကြေကြေ
တိုးတိတ်တိတ်တမ်းတ
ချစ်ခြင်းခိုင်ခိုင်ခွဲခွာ
လူးလူးလိမ့်လိမ့်လုလင်လွမ်း
ရဲရဲရင့်ရင့်ရေရှာရွှေရှာ
နေနီနီနှင်းနုနုနွေနံနက်
ပဲပြုတ်ပူပူပုံပြင်ပြန်ပြောပြပါ
သင်သာသိသေးသောသီးသန့်သစ်သီးသက်သက်
စောစောစီးစီးစေ့စေ့စပ်စပ်စဉ်းစားစိစစ်
| မြန်မာမို့မြန်မာ့မြင့်မိုရ်မိုက်မိုက်မဲမဲမျှော်မိ |၂
 စောစောစီးစီးစေ့စေ့စပ်စပ်စဉ်းစားစိစစ်
 သင်သာသိသေးသောသီးသန့်သစ်သီးသက်သက်
 ပဲပြုတ်ပူပူပုံပြင်ပြန်ပြောပြပါ
 နေနီနီနှင်းနုနုနွေနံနက်
 ရဲရဲရင့်ရင့်ရေရှာရွှေရှာ
 လူးလူးလိမ့်လိမ့်လုလင်လွမ်း
 ချစ်ခြင်းခိုင်ခိုင်ခွဲခွာ
 တိုးတိတ်တိတ်တမ်းတ
 ကွဲကွဲကြေကြေ
 ငေးငိုင်ငို
ဘိုးဘွား
အိမ် ။    ။

မိုးဇက်(သခွတ္တနယ်)

ချစ်သူမရှိတဲ့ မြို့


တစ်ကိုင်းထဲနားတဲ့ငှက်တွေကြား
သူတို့က ကျီးငှက်ဆိုရင်
ငါက ဇီးကွက်ပဲဖြစ်လိမ့်မယ်။

ပုန်းခိုရာ သစ်လုံးအိမ်လေးထဲ
ကျီးအာတိုင်း ခေါင်းမဖော်ရဲတဲ့အဖြစ်က
ကြွက်တွေသောင်းကျန်းတာ တစ်ခုတည်းကြောင့်တော့မဟုတ်ဘူး။

အသွေအသားတွေ ဖျော်ဖျော်သောက်ပြီး
အကြေးခွံတွေ တလက်လက်တောက်နေတဲ့ မြို့ပြ
ဇာတ်တူသားမစားတဲ့အရပ် ဒီမှာရှိပါသလား
ဖောင်စီးရင်း ရေငတ်သူဟာ
ဝိသမလောဘသားအတွက် အမဲ လား

ဆယ့်နှစ်ရာသီလုံးလုံး
သည်းလိုက် စဲလိုက်နဲ့ မျက်ရည်အစစ်တွေသာ
နေရာကွက်ကြား ရွာလို့ ....။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၃)၊ အမှတ်(၆)၊ ဇွန်လ၊ ၂၀၁၂၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။

လှေကားတစ်ဆစ်ချိုး


အချိန်မလေးစားတတ်သူတွေ
အချိန်မှန်ရောက်တတ်တဲ့ ဗိမ္မာန်
နံရံမှာ
ကျားဘီယာတံဆိပ် ပိုစတာသုံးခု ချိတ်ထားတယ်။

တိုးတိုးညင်းညင်းစကားသံများ
ကုပ်ချောင်းချောင်း အိနြေ္ဒရှင်များ
အသည်းကွဲ ငိုချင်းများ
ဟားတိုက် ရယ်မောသံများ
စားသံ ဝါးသံ ပုလင်းသံ ဖန်ခွက်သံ သက်ပြင်းရှည်များ ...

တဖြည်းဖြည်း
လျှာလေးအာလေးစကားသံတွေက စူးရှ ကျယ်လောင်
ဆဲသံ ၊ ဆူညံ ၊ ပွက်လောရိုက်
ငြင်းခုန်ရင်း ရန်ဖြစ်ရင်း
လူကြီးလူကောင်းအရေခွံတွေ ကွာကျ
မြုံနေတဲ့အကြိတ်တို့ ပေါက်ကွဲ
ဟန်ဆောင်ခြင်းကို ခဏတာ ဖွင့်သောက်လိုက်ကြ။

တစ်ပုလင်း
ပြီး ... နောက်ထပ်တစ်ပုလင်း
ရှင်သန်ခြင်း ဘဝအမောမှာ
ယမကာကို
သနပ်ခါးဘဲကြားနဲ့ မြည်းနေကြပုံ ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၃)၊ အမှတ်(၅)၊ မေလ၊ ၂၀၁၂၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။


Friday, 14 September 2012

ကောင်း ကင် က ကြယ် ကို ကြည့်

အိမ်။
တစ်လုံးတည်းနဲ့ ပြည့်စုံ ကြွယ်ဝ ကျစ်လစ်တဲ့ဝေါဟာရတစ်ခု။ အင်္ဂလိပ်ဘာသာစကားအရ ဟောက်စ်(House)တဲ့။ ဟုမ်း(Home)တဲ့။ ကျွန်တော်နားလည်လက်ခံမိသလောက်တော့ (House)က ခေတ္တယာယီ တည်းခိုတဲ့ အိမ်။
(Home)က သံယောဇဉ်တစ်ခုခုကို တွယ်တာပြီး အခြေတကျ နေထိုင်တဲ့ အိမ်။
(Homesickness)ဆိုတာက အိမ်လွမ်းနာ ပေါ့။

အိမ် လွမ်း နာ
အိမ်ကို လွမ်းလို့ ရင်ထဲမှာ တစစ်စစ် နာကျင်ရတဲ့စိတ်ရောဂါလို့ အမည်ပေးလိုက်ချင်တယ်။
ကျွန်တော်က(House)မှာနေပြီး (Home)ကို လွမ်းနေတဲ့ (Homesickness)တစ်ယောက်ပါ။

အရင်တုန်းကတော့ အိမ်ဆိုတာ အဆင်မပြေမှုများစွာနဲ့ ထောက်ကူကျားကန်ထားတဲ့ (ဘဝတူ သွေးရင်းသားရင်းတွေနေတဲ့) အဆောက်အအုံသက်သက်ပဲ ထင်ခဲ့တာ။ ခုလို အိမ်နဲ့ခွဲပြီး လူတွေထဲ တိုးဝင်လိုက်မှ လွမ်းမက်စရာကောင်းတဲ့ အသိုက်အမြုံမှန်း သိတော့တယ်။

                                      အိမ်
                                     ဝေးဝေးက အိမ်
                                     ခုလိုမျိုး လှောင်အိမ်မဟုတ်ဘူး
                                     ချည်နှောင်ခဲ့
                                     ချစ်ခြင်းမေတ္တာနဲ့ မြဲမြံအောင် ချည်နှောင်ခဲ့
                                     ခုလိုမျိုး အသပြာနဲ့မဟုတ်ဘူး။

ဖေဖေ၊ မေမေ၊ ညီလေး၊ ညီမလေး... နှလုံးသားတွေ စက္ကန့်မလပ်နွေးထွေးတာ အိမ်။ ဆာလောင်မွတ်သိပ်လာတိုင်း သီးပွင့်ပေးမယ့်ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိတာ အိမ်။ မိုးဒဏ်၊ လေးဒဏ်၊ လောကဓံကြုံတိုင်း ပြေးဝင်ခိုလှုံရတာ အိမ်။ ကံကြမ္မာဓါးသွားအောက်မှာ ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတဲ့ အိမ်။ မိုးခြိမ်းသံကြားတိုင်း စိတ်ကူးထဲ မိုးတွေ ယို၊ ထန်းရွက်မိုး၊ ထန်းလက်ကာ၊ ထန်းသမားမိသားစုနေတဲ့ အိမ်။ ဝေးဝေးက အိမ်။ ခုလိုမျိုး လှောင်အိမ်မဟုတ်ဘူး။
ခု လို မျိုး လှောင်အိမ်မဟုတ်ပါဘူး။

                                              ---------------------------------

ကျွန်တော် အိမ်ကလေးနဲ့ ဝေးနေရတာ ငါးနှစ်ကျော်ပြီ။
'' ရောက်စမို့လို့ပါ သုံးလထက်ကျော်ရင် မေ့သွားလိမ့်မယ် '' တဲ့။
အဲဒီ သူငယ်ချင်းကိုရော၊ သူ့စကားကိုရော၊ အိမ်ကလေးကိုရော ကျွန်တော် မေ့လို့မရခဲ့ပါဘူး။

အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ကိုယ့်မိသားစုရဲ့ သောက၊ ဗျပါဒကို ကူညီဖြေရှင်းပေးချင်လို့သာ သူရဲကောင်းဆန်ဆန်ထွက်လာခဲ့မိတာပါ။ ဘယ်တောင်ကိုဘယ်လိုကျော်ပြီး ဘယ်တောကို ဘယ်လိုဖြတ်ရမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အဲဒီလို အူတူတူ အတတဘဝနဲ့ မြူနှင်းငါးကြိမ်သာ ခုန်ဆင်း အငွေ့ပျံသွားတော့တယ်။ နားစွင့်ကြည့်လိုက်တော့ အဆင်မပြေမှုခြေသံတွေ ကျွန်တော့ကို နောက်ယောင်ခံလိုက်နေကြတုန်းပဲ။ (ကျွန်တော်အိမ်ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။)

အဲဒီလိုနဲ့ ကျွန်တော်ဟာ အိမ်ကလေးရဲ့အဝေးမှာ အိမ်ပြေးလေးတစ်ယောက်လို တစ်အိမ်ဆင်း၊ တစ်အိမ်တက်၊ အိမ်အများအပြားပိုင်ဆိုင်တဲ့ ခြေသလုံးအိမ်တိုင်မင်းသားဘွဲ့ကို သိမ်းပိုက်ထားဆဲပါပဲ။

အိမ်ကလေးရဲ့အဝေးမှာ ကျွန်တော်ဟာ ဂျစ်ပစီတစ်ယောက်လို ရိုးသားခဲ့ဖူးတယ်။ လူကြီးလူကောင်းတစ်ယောက်လို မိုက်မဲခဲ့ဖူးတယ်။ 
ကလေးသူငယ်တစ်ယောက်လို ယဉ်ကျေးခဲ့ဖူးတယ်။ 
လူယဉ်ကျေးတစ်ယောက်လို ရိုင်းစိုင်းခဲ့ဖူးတယ်။ 
လူရိုင်းတစ်ယောက်လို ဖြူစင်ခဲ့ဖူးတယ်။ 
လူ့ဂွစာတစ်ယောက်လို ပွင့်လင်းပြတ်သားခဲ့ဖူးတယ်။ 
သားကောင်လို တိုက်ခိုက်ခဲ့ဖူးတယ်။ 
မုဆိုးလို ထောင်ချောက်မိခဲ့ဖူးတယ်။ 
ဖိနပ်တစ်ရံလို ပြောင်လက်ခဲ့ဖူးတယ်။ 
တစ်ရှူးတစ်စလို ပေကျံခဲ့ဖူးတယ်။

အိမ်ကလေးရဲ့အဝေးမှာ ကျွန်တော်ဟာ 'ထ'ဆင်ထူးကိုထောင်ပြီး 'ဝိ' လုပ်ပြီး နေထိုင်ခဲ့ဖူးတယ်။
ခုထိတော့ 'ဝ' လုံး ကိုတောင်မှ ဝိုင်းအောင်မရေးတတ်သေးပါ။

အိမ်ကလေးရဲ့အဝေးမှာ ကျွန်တော်ဆွဲနိုင်သမျှ ဝန်အားလေးနဲ့ ရုန်းပါတယ်။ ကန်ပါတယ်။ လှော်ပါတယ်။ ခတ်ပါတယ်။ ခေတ်ကြီးကအပြေးသန်တော့ လိုက်လို့မမီပါဘူး။ ကျွန်တော့ရင်ဘတ်တွေသာ ဒဏ်ရာတွေတစ်ထပ်ပြီးတစ်ထပ်နဲ့ အိမ်လွမ်းဇာတ်ကို တစ်ညပြီးတစ်ည ကရမယ့်ပွဲတော်ပါ။ မင်းသားတော့ မင်းသားပေါ့။ ဆင်းရဲသားဖြစ်လိုက်၊ နင်းပြားဖြစ်လိုက်၊ ကျွန်ဖြစ်လိုက်၊ နွံနစ်လိုက်နဲ့ အိမ်မက်တွေအခါခါကျကွဲတဲ့ အဝေးရောက်မင်းသား။

တချို့က ရွှေတူးတယ်။ တချို့က ငါးရှာတယ်။ တချို့က ဖားနှိုက်တယ်။ တချို့က အ,မနဲ့ စာသင်တယ်။ တချို့က ယိုးဒယား က က,တယ်။ တချို့က ကန်ဘောင်လျှောက်တယ်။ တချို့က ဗယာကြော်စားတယ်။ တချို့က မလိုင်စားတယ်။ တချို့က ပဲစားတယ်။ တချို့က ဖာဂူဆန်နဲ့ မော်ရင်ညိုကို မီးပုံးပျံလုပ်ပြီး ကစားတယ်။

ကျွန်တော်ကတော့ အိပ်မက်အကြွေတွေကို ရင်ဘတ်နဲ့ သဲ့ သဲ့ ယူပြီး ... အလွမ်းမင်းသားစတိုင်နဲ့ပေါ့။ လွမ်းတယ် မေမေရယ်။
တစ်ယောက်ကိုတစ်ယောက် နင်းချေတတ်ကြတဲ့လောကထဲမှာ မေတ္တာတရားတွေရှိတဲ့အရပ်ဆီ မှန်းမျှော်ပြီး လွမ်းတယ်။ အိမ်အိုလေးရဲ့ ကွပ်ပျစ်ပေါ်က လသာသာညတွေကို လွမ်းတယ်။

                                          ------------------------------------

လင်းပွင့်ကြည်စင်တဲ့ညတွေဆို ကောင်းကင်ကိုကြည့်ပြီး လွမ်းမောရတာ အိပ်ဆေးတစ်ခွက်လိုဖြစ်နေပါပြီ။ ပိန်ပိန်ကွေးကွေး တခြမ်းပဲ့ လကလေးပဲ တွေ့ရမလား... ဝဝဖောင်းဖောင်း လမင်းကြီးပဲမြင်ရမလား...။ သူ့ဆီက ထမင်းဆီဆမ်းတောင်းချင်လို့ မဟုတ်ပါဘူး။ ရွှေလင်ပန်းကို လိုချင်လို့လဲ မဟုတ်ပါဘူး။ ငယ်ငယ်က မေမေ ခဏခဏတောင်းပေးခဲ့ပြီးပြီပဲဟာ။ ငယ်ငယ်တုန်းကတော့ လမင်းကိုမော်ကြည့်၊ ပါးစပ်ကလေး ဟ ပြီး လက်ဝါးနဲ့ ပိတ်ချည်ဖွင့်ချည်လုပ်ကာ " ဝါး ဝါး ဝါး ဝါး " လို့ အော်ခဲ့ဖူးပါရဲ့။

အဲဒီတုန်းက နွေညတွေမှာဆိုရင် လမ်းတကာထုပ်ဆီးတိုး၊ ပုဆိုးကွင်းသိုင်းနဲ့ ရွာရိုးကိုးပေါက်ပြေးလွှား၊ လမ်းဘေးစုထိုင်၊ ဝန်းထရံတိုင်တွေပေါ်တက်၊ အပူအပင်မဲ့စွာကစားခဲ့တဲ့ ညချမ်းတွေပေါ့။ သူတပါးရဲ့သစ်သီးကိုခိုးခူးပြီး စားခဲ့တဲ့ညတွေလည်း ရှိပါရဲ့။

တခါတခါတော့  မြက်ခင်းပေါ်ကျောခင်းအိပ်ပြီး ကောင်းကင်က ကြယ်တွေကို အပြိုင်ရေတွက်ကြတယ်။ ပြေးနေတဲ့ကြယ်ကလေးတစ်လုံးကိုတွေ့တဲ့အခါ ငြင်းကြ ခုန်ကြပြန်ရော။ တစ်ယောက်က အဲဒါ ဥက္ကာပျံ လို့ သူ့အဖွားက သူ့ကိုပြောပြဖူးကြောင်း ပြောတယ်။ နောက်တစ်ယောက်က ဂြိုလ်တု တဲ့။ အခြားတစ်ယောက်က လေယာဉ်ပျံ ပါကွာ တဲ့။ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါး၊ ကြားဖူးနားဝရှိတဲ့စကားတွေကို ကိုးကားပြီး တစ်ယောက်တစ်ပေါက် ငြင်းခုံ ပျော်ရွှင်ခဲ့ကြတဲ့ စိတ်ကူးချိုချိုညတွေပါ။ ဖုန် အလိမ်းလိမ်း၊ ချေး ညှော် အထပ်ထပ်နဲ့ သန့်ရှင်းဖြူစင်ခဲ့တဲ့ ငယ်ဘဝတွေပါ။

နောက်တော့ ပုံပြောတမ်းကစားတဲ့ဘက်ရောက်သွားတယ်။ အဖွဲ့ထဲကတစ်ယောက်က သူ ထင်းခွေသွားရင်း ဥစ္စာစောင့်မချောချောလေးနဲ့ တွေ့ခဲ့တဲ့အကြောင်း လုပ်ကြံ ဇာတ်လမ်းထွင်ပြီးပြောတဲ့အခါ အားလုံး တိတ်လို့ ဆိတ်လို့။ သူ့ကိုလည်း ရာဇဝင်တွေထဲက သူရဲကောင်းကြီးတစ်ယောက်လို အထင်ကြီးတဲ့စိတ်တွေနဲ့ ငေးလို့။ အစအနောက်အလွန်သန်တဲ့ လူကြီးတစ်ယောက်ရောက်လာတော့ ကျွန်တော်တို့ ကလေးတွေအားလုံးလည်း ပုံနားထောင်သူသက်သက် ဖြစ်သွားတော့တယ်။

စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ ပုံဝတ္ထုတွေကို အဲဒီလူကြီး စ ပြောပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး ကျောချင်းကပ်အနေအထားကို တန်းရောက်သွားတာပဲ။ ပုံပြင်က စိတ်ဝင်စားစရာကောင်းတဲ့အဆင့်ကနေ ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်လာတယ်။ အိမ်ပြန်ချင်ပြီ။ ညည့်လည်း နက်လှပြီ။ အိမ်က စိတ်ပူနေလောက်ပြီ။ ဆက်ပြီးလည်း နားမထောင်ရဲတော့ဘူး။ ပုံပြင်ကတော့ ဘီလူးမကြီးက ကလေးငယ်ကိုစားဖို့ လိုက်ဖမ်းတဲ့အခန်းကို ရောက်နေပြီ။ အဲဒီအချိန်မှာပဲ ပုံပြောတဲ့လူကြီးက ကျွန်တော်တို့ကိုထားပြီး ထွက်ပြေးသွားပါရောလား..... ......။

ကောင်းကင်ကို ပြိုင်တူမော့ကြည့်လိုက်တော့ ...ည ခရီးသွားယာဉ်လေးတွေက
မှိတ်  တုတ်  လင်း  လက် ... ..... ....

    " မေမေရေ ... .. သားကို လာခေါ်ပါဦး ... သား အိမ် မပြန်ရဲဘူး "
    " မေမေရေ .... .... "
    " မေ မေ ....  ....  .... "

                                      ------------------------------------


အသံတစ်ခုက ကျွန်တော့နားထဲကို ကြွေကျလာတယ်။ ဖေဖေလား ... မေမေလား ... ညီလေးလား ... ညီမလေးလား ...။ ကျွန်တော့ကိုလွမ်းရင် ကောင်းကင်က ကြယ်ကလေးကို ကြည့်ပါ။ အဲဒီမှာ ကျွန်တော်ပစ်တင်ထားတဲ့ အသံတချို့ရှိနေတယ်။

အိမ်ဆိုတာ အဝေးရောက်နှလုံးသားတွေရဲ့ ချည်တိုင်ပါ။ နည်းပညာခေတ်ကြီးရဲ့လှည့်ဖြားခေါ်ဆောင်မှုကြောင့် အိမ်ကလေးရဲ့အဝေးကိုရောက်နေကြသူအားလုံး တစ်နေ့တော့ ကိုယ့်ချည်တိုင် ကိုယ်ပြန်ကြရမှာပါ။

ကျွန်တော် ပြန်လာခဲ့ပါ့မယ်။

ကောင်းကင်က ကြယ်ကလေးဆီ ကျွန်တော့ရဲ့တိုင်တည်ဆုတောင်းတစ်ခု ထပ်ပြီး ပစ်တင်လိုက်တယ်။
မနက်ဖြန်တခုခုမှာ နွေးထွေးလုံခြုံတဲ့ မိသားစုရင်ခွင်ရောက်အောင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်။

အရှုံးတွေ တပွေ့တပိုက်နဲ့ပဲဖြစ်ဖြစ် ကျွန်တော် ပြန်လာခဲ့ပါ့မယ်။
ကျွန်တော် ပြန်လာခဲ့ပါ့မယ်။

ပန်းပွင့်ပေါ်က ရေစက်ရေမှုန်လေးတစ်ပေါက် လျှောကျ လိမ့်ဆင်း သွားသလို ...
အငွေ့ပျံ ပျောက်ဆုံးသွားသလို ...
ကျွန်တော် ပြန်ရမယ့် နေ့ရက်ဟာလည်း အလွယ်တကူ ...။

ကွေးသောလက်ဟာ အလွယ်တကူ ...
ဆန့်သောလက်ဟာ အလွယ်တကူ ...

အရာရာဟာ အလွယ်တကူ ... ... ။   ။

မိုးဇက်(သခွတ္တနယ်)

အမှတ်(၃)၊ စက်တင်ဘာလ၊ ၂၀၁၂၊ စာပွင့်လွှာရသစုံမဂ္ဂဇင်း၊ မလေးရှား။


Monday, 10 September 2012

အိပ်မက်နဲ့မျှားတဲ့ ကျွန်း



        - ၁ -

Salamat Datang (ဆလာမတ် ဒါတန်း)
ကမ်းလင့်လို့ ကြိုဆိုလိုက်ပါတယ်
အို .. ရွှေမြန်မာအပေါင်းတို့ ....

ဟေ့  လာကြ !
လာကြ ဟေ့ .... ဒီမှာ
အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
(တို့လို အခြေခံလူတန်းစားတွေအတွက်)
ဘူမိနက်သန် နေရာမှန်လေ

ရွာမှာ အမြစ်တွယ်မနေစမ်းပါနဲ့
ဘဝအတွက် 'တက်လမ်း'ဆိုတာ ဒီမှာပဲရှိသတဲ့
ပွဲစားက ပြောတယ်။

            - ၂ -

ဒီမှာ ကြည့်စမ်း
ကျွန်တော့ဘောင်းဘီက ငါးရင်းဂစ်
မနေ့ကမှ ညဈေးတန်းကဝယ်ခဲ့တာ
လုံးဝအသစ် ဝတ်တောင်မဝတ်ရသေးဘူး။

ဒါ မလေးရှား လေ
ရိုတီကျန်နိုင်းပဲ ဖြစ်ဖြစ်
နာစီလာမာ့ခ် ပဲ ဖြစ်ဖြစ်
ဗိုက်ပြည့်တာချင်း အတူတူပါပဲ။

ဟိုး .... မှာ တွေ့လား .... မှုန်ဝါးဝါးလေး
မျှစ်စို့နှစ်ချောင်းလိုထောင်နေတာ
KLCC ပေါ့
စိတ်ဓါတ်ကို
အဲဒီထက် မြင့်အောင်ထားရမယ်။

           - ၃ -

ဟင့်အင်း .. ကျွန်တော် ကဗျာဆရာ
အဲဒီကိစ္စတွေ ဝါသနာမပါဘူး။

တောင်းပန်ပါတယ်ဗျာ
ငါးပါးသီလ မလုံရင်တောင်
အဲလိုမျိုးတော့ ဘဝအမော မဖြေချင်ဘူး။

ဟုတ်ပါတယ် ယောက်ျားပါ
မိသားစုတိုက်ပွဲအတွက် ရှေ့တန်းရောက်နေတဲ့
ယောက်ျားစစ်စစ်ပါ။

             - ၄ -

ဟယ်လို .. မေမေ နေကောင်းလား ..
လကုန်မှ သား ပိုက်ဆံလွှဲလိုက်မယ်။

ဟုတ်ကဲ့ ဟုတ်ကဲ့ အဆင်ပြေပါတယ်။
ညီလေး နဲ့ ညီမလေးကို ကျောင်းမထုတ်ပါနဲ့နော်

ငွေတိုးချေးစားတဲ့ ဟိုမိန်းမကြီးကိုပြောလိုက်
ပြန်လာရင် ငွေနဲ့ ပေါက်သတ်မယ် လို့ ...

စိတ်နာလွန်းလို့ ပြောတာပါဗျာ ။

             - ၅ -

စိတ်ကူးတိမ်တွေ လေ
ကောင်းကင်မှာ အလိပ်လိုက် ပျံသန်းလို့ ..

ကျွန်တော့ အိမ်စုတ်ကလေးဟာ
တိုက်လှလှလေးတစ်လုံး ဖြစ်သွားသတဲ့။

ကျွန်တော့ရွာကလေးဟာ
လျှပ်စစ်မီး တထိန်ထိန်ဖြစ်သွားသတဲ့။

ပြည်တော်ပြန်ဝင်ခဲ့ရင်
ခေါင်းငုံ့ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို
စိမ်းစိမ်းကြီး ကြည့်နိုင်တော့မယ် ပေါ့။

            - ၆ -

ဘယ်လိုဖြစ်ကုန်တာလဲ ... ...

ဘာတွေဖြစ်ကုန်တာလဲ ... ...

သူတို့ပြောခဲ့တာက တစ်မျိုး
ကျွန်တော်တို့ ဖြစ်နေတာက တစ်ခြား ...

(တော်ကြာ) အတိုးတွေတက်လာမှဖြင့်
အဘိုးတို့ အဘွားတို့ ရဲ့ ချွေးနှဲစာလေး
အို ... ...
မတွေး ရဲစရာ ပါ လား ... ။

            - ၇ -

အစကတည်းကိုက
ကြမ်း ရိုင်း ရင့်ထော်တဲ့ လမ်း

ကမ်းမမြင် လမ်းမမြင် အရပ်မှာ
ကံတရားရဲ့ ဗုံသံအတိုင်း ကခုန် လို့

မိသားစု အသိုက်အမြုံအတွက်
အတ္တကို ဆေးတစ်ပါးလို မှီဝဲ စားသုံး
စုန်းပြူးနေတဲ့ သားတစ်ယောက်ကို
ရောက်ရာအရပ်မှာ အဆင်ပြေစေဖို့
မေမေ .. ဆုတောင်းပေးပါဦးလေ ။

              - ၈ -

ပြောရရင်
ကျွန်တော့ အိပ်မက်ကလေး
ကျ ကွဲ သွားတယ် ဆိုပါတော့ ...

" BAHAGIA '' ပရိဘောဂစက်ရုံ
တစ်နေ့ ဆယ့်ရှစ်ခွဲ
ခပ်ကျဲကျဲ အချိန်ပို
ဟိုတုန်းက 'ကောလင်း' ဘဝ
သုံးလပဲ ကြာခဲ့ပါတယ်။

စိတ်ကူးနဲ့ ရက်ဖောက်ထားတဲ့ ပင့်ကူအိမ်ကလေး
ဘဝရဲ့ ထောင့်ကွေးလေးမှာ
ကျပ်ခိုးတွေနဲ့ ပိန်းပိတ်နေခဲ့ပေါ့ ။

               - ၉ -

' အိုဗာစတေး' တဲ့ ။
ဘဝကို ထုဆစ်ရင်း ရခဲ့တဲ့ ဒဏ်ရာပါ
မှေးမှိန်မသွားဘူး
ပျောက်ပျက်မသွားဘူး

အခြေကျပေမယ့်လည်း
နေမထိ ထိုင်မသာစိတ်တွေနဲ့ ယောက်ယက်ခတ်တုန်း ..

ဒီနယ်မြေက အလုအယက်ပေါတယ်
ဒီလ အဖမ်းအဆီး ကြမ်းတယ်
မြို့တိုင်းမှာ အော်ပရာစီ (စီမံချက်)

ဘာတတ်နိုင်မှာလဲ
ကျွန်သက်ရှည်သမျှတော့
ထွန်ယက် နေရဦးမှာပဲလေ ။

              - ၁၀ -

ဒီနေ့လည်း ကြက်ဥပဲ တဲ့
ဆိုင်က ကန်စွန်းရွက် က ဝါနေလို့လား

ခူးနေကျ ကန်စွန်းခင်းမှာ 'မန်ကျည်းသီး' တွေရှိတယ်
ဖုန်း နှင့် ပိုက်ဆံအိပ်တွေ ထားခဲ့

ဖုန်း ဆိုမှ သတိရတယ်
ရွာကို ဖုန်းမဆက်ဖြစ်တာ ကြာပြီ။

ဖေဖေ နေကောင်းပါစေ
မေမေ ကျန်းမာပါစေ
ဆွေမျိုး ရောင်းရင်းတို့ အဆင်ပြေကြပါစေ
သတ္တဝါများ ချမ်းသာကြပါစေ
ဝေးဝေးကတေးသံ
မျှော်လင့်သူတွေထံ ရောက်ပါစေ ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၄)၊ အမှတ်(၁၂)၊ သြဂုတ်လ၊ ၂၀၁၀၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။

* မူလရေးသားခဲ့သည့်အတိုင်း ဖော်ပြပါသည်။*


Saturday, 8 September 2012

ချစ်သူရဲ့ညာလက်ဝါးနဲ့ ဘယ်ပါးကိုအနမ်းခံရတဲ့ ည



'' ----------------------------

...................  ဖြန်း   .....    ! ! ! !


 ,,,,,,,,,,,,,,,,,,,,,,,,,,,  "


              မိုးဇက်(သခွတ္တနယ်)

ခပ်ခါးခါး ရည်းစားစာ



ခပ်ကျပ်ကျပ်ဘတ်စ်ကားပေါ်တက်
ခပ်တိုတိုဖက်ရှင်ဒီဇိုင်းဝတ်
ခပ်မိုက်မိုက်
ခပ်ဆန်းဆန်း
ခပ်လန်းလန်း
ခပ်လန်လန်
ခပ်မြန်မြန်ပြေးမှ
ခပ်ဝေးဝေးရောက်မယ့် ခေတ်။

ခပ်ပါးပါးညဝတ်အင်္ကျီနဲ့ စားပွဲဝိုင်းတွေကြား
ခပ်ရိုင်းရိုင်းလှနေတဲ့
ခပ်ချောချောကောင်မလေးက
ခပ်ဝါးဝါး
ခပ်မှိန်မှိန် သူမဘဝကို
ခပ်ဖြူဖြူ စာအိပ်လေးထဲ ခေါက်သိမ်းခဲ့တာကြာပြီ။

ခပ်စူးစူး
ခပ်ရဲရဲ ကျားမျက်လုံးတွေအောက်
ခပ်ကြာကြာ ရုန်းကန်ခဲ့ရတာဆိုတော့
ခပ်နွေးနွေးရင်ခုန်သံကို
ခပ်အေးအေးတုံ့ပြန်
ခပ်မွဲမွဲနှလုံးသားကို
ခပ်စိမ်းစိမ်းတီးခတ်
ခပ်တည်တည်ဟန်ဆောင်တတ်တာ
ခပ်ခက်ခက်ပဲ။  ။

                              မိုးဇက်(သခွတ္တနယ်)

အမှတ်(၁)၊ ဇူလိုင်လ၊ ၂၀၁၂၊ စာပွင့်လွှာမဂ္ဂဇင်း၊ မလေးရှား။

ညီမလေး ... သို့


ညီမလေး
တကယ်တော့ အချစ်ကြောင့်အသည်းကွဲတယ်ဆိုတာ
(ဘဝခရီးတစ်ခုလုံးနဲ့ယှဉ်လိုက်ရင်)
ပလက်ဖောင်းပေါ်က ခြေချော်ကျသလောက်ပါပဲ
အနည်းအကျဉ်း နာကျင်ရုံကလွဲလို့
လမ်းပျောက်မသွားဘူး
မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားပါဘူးကွာ
ညီမလေးအသက်က ခုမှနှစ်ဆယ်
ရိုးသားမှုတွေ တလက်လက်တောက်လို့
ချွေးနဲ့ရင်းတဲ့ ထမင်းလုပ်တိုင်းက ကိုယ်ကျင့်တရားတွေ သင်းတယ်
ညီမလေးရဲ့အနေအထိုင်က ယဉ်ကျေးတယ်
ညီမလေးရဲ့ယဉ်ကျေးမှုက မြန်မာဆန်တယ်
ညီမလေးရဲ့မြန်မာဆန်မှုက အိနြေ္ဒရှိတယ်
ညီမလေးရဲ့အိနြေ္ဒက 'ရွှေ' ထက်အဖိုးတန်တယ်
ဘဝကို တစ်ဖဲ့ချင်းဝါးမြိုတတ်တဲ့ ဒီမြေမှာ
ညီမလေးက
ကိုယ်ကျင့်သိက္ခာတရားကို 'ရောင်းရန်မဟုတ်ပါ' လို့
ကြေငြာတယ်
ရိုးသားခြင်းတွေကို
အထပ်ထပ်၊ အခါခါ၊ လျှော်ဖွပ်၊ ဝတ်ဆင် လို့
'ရွှေ...' လို့ တံဆိပ်ကပ်
ညီမလေးရဲ့ သနပ်ခါးပါးကွက်က
မငေးရက်လောက်အောင်
လှတယ်။  ။

                  မိုးဇက်(သခွတ္တနယ်)

*အဝေးရောက် ညီမများအတွက်*

သခွတ္တနယ်


ကျွန်တော့ချက်ကြွေရာနဲ့တစ်မိုင်သာသာ
' ရွာ ' ဆိုပေမယ့်
' ရွာ ' မမည်တော့တဲ့ တောမြို့ကလေး...
မုံရွာ-ဘုတလင်-ကနီ/ကနဲ လမ်းမကြီးပေါ်မှာ
သူစိမ်းတရံစာဆိုလည်း မရောက်ဖူးသူမို့
ဆွေမျိုးသားချုင်းဆိုလည်း မတွေ့တာကြာလို့
ကြိုဆိုပါတယ်
အားလုံးကို လှိုက် လှဲ စွာ ကြိုဆိုပါတယ်
မြို့ကြီးပြကြီးတွေလို
တစ်အိမ်ပေါ် တစ်အိမ်ဆောက်
တစ်လမ်းအောက် တစ်လမ်းခင်း
တစ်ယောက်ကျော တစ်ယောက်မနင်းဘူး
တစ်... နှစ်... သုံး...
မက်လုံးပေးတဲ့ ခြေထောက်ကလေးတွေ
လ္ဘက်ရည်ဆိုင်ထဲမှာ
ကွမ်းယာဆိုင်ထဲမှာ
ဘတ်စ်ကားဂိတ်မှာ
ရပ်/ရွာဖုန်းရုံးကလေးရှေ့မှာ
ပရိယေသနအတွက် ပြေးလွှားနေတယ်
ဒီမှာ
ဇိမ်ခံစရာဆိုလို့
ထန်းလက်ကုလားထိုင်နဲ့ ထန်းရည်ခါးပဲရှိတယ်
အနုပညာသမားဆိုလို့
ဆန်အမှုန့်ကြိတ်တဲ့ စက်ကလေးတစ်လုံးပဲရှိတယ်
ခင်ဗျား ဘာသိချင်သေးလဲ
' ရွှေမန်း ' ကဖေးကိုလာခဲ့
နက်ဖြန်ခါ ကျွန်တော် အဲဒီမှာရှိမယ်။  ။

                                မိုးဇက်(သခွတ္တနယ်)

အတွဲ(၃)၊ အမှတ်(၇)၊ သြဂုတ်လ၊ ၂၀၁၂၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။

လက်တွဲဖော်



ကဗျာဆရာဆိုတာ
ဒဏ်ရာဟောင်းကို ပြန် ပြန် ဆွပြီး
တစိမ့်စိမ့် နာကျင် ကြေကွဲတတ်တဲ့ လူမျိုး တဲ့
ချစ်ခြင်းမေတ္တာကို ဝယ်မရလို့
ငွေကို မီးရှို့ပစ်ချင်တဲ့
ကဗျာဆရာရဲ့ရင်ဘတ်မှာ ဒဏ်ရာပဲရှိတယ်
အဲဒီဒဏ်ရာလေးကိုပဲ
တယုတယ ကောက်သိမ်းဖို့ လက်တစ်စုံဟာ
ဘီယာဗူးကို ဆွဲထုတ်
စာအုပ်ကို ခေါင်းအုံးလုပ်ဖို့ ပေးတယ်
သူမက (အတန်း)ပညာမတတ်ပါဘူး
ဘဝကို စာလုံးပေါင်းဖတ်တဲ့နေရာမှာတော့
ကဗျာဆရာ ရဲ့ အဘိဓာန်တစ်အုပ်ဖြစ်တယ်
အခုတော့
"လက်တွဲဖော်" ဆိုတဲ့ ဝါကျကို
သူတို့ ပြိုင်တူ ရေးလိုက်ကြပြီ။  ။

                            မိုးဇက်(သခွတ္တနယ်)

*ကဗျာဆရာ ရာဇာမျိုး(အင်းကုန်း) နှင့် မဌေးဌေးဝင်း တို့အတွက် မင်္ဂလာလက်ဖွဲ့ကဗျာ*

ယုံတမ်းစကား


ငယ်ငယ်က
လသာညတွေမှာ
ကောင်းကင်ကို ပြိုင်တူမော့ကြည့်ပြီး
ပြေးနေတဲ့ ကြယ်ကလေးတစ်လုံးဟာ
အဲဒါ
ဂြိုလ်တု တဲ့  ဥက္ကာပျံ တဲ့
မဟုတ်ဘူး လေယဉ်ပျံ တဲ့
ငြင်းခုံရင်း
ရယ်မော ပျော်ရွှင် ဆော့ကစားခဲ့ကြ
လမ်းဘေး ဝင်းထရံများပေါ်
မြက်ခင်းပြင်ပေါ်
စုန်း ကဝေ တစ္ဆေ သရဲ ပုံနားထောင်လို့
အိမ်မပြန်ရဲကြတော့
ကျောချင်းကပ် စုထိုင်ကာ
ကောင်းကင်ကကြယ်ကလေးကိုကြည့်ပြီး
အိမ် ပြန် ပို့ ပေး ပါ လို့ ပူဆာလိုက်ကြတယ်။
အခု
အဲဒီ ပြေးနေတဲ့ ကြယ်ကလေးကိုကြည့်ပြီး
ဒီခရီးကို နှင်ခဲ့ပါတယ်
လွမ်းလိုက်တာ မေမေရယ်။  ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၄)၊ အမှတ်(၂)၊ ဖေဖော်ဝါရီလ၊ ၂၀၁၀၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။

သင်းကွဲ


အဝေးကွင်းမို့ ပေးဂိုးတွေသာ များများလာခဲ့
ဒဏ်ရာတစ်ခုချင်းစီအတွက် ဖြေဆေးဟာ
နှလုံးသားထဲ ကြေကွဲစွာ ခိုနား
သင်းကွဲငှက်တစ်ကောင်ရဲ့ အတောင်ခတ်သံတွေလည်း
အထီးကျန်လှိုင်းတွေ ပဲ့တင်ထပ်လို့
စိတ်ကူးတပိုင်း လက်တွေ့တပိုင်း
ခပ်ရိုင်းရိုင်း ပစ္စုပ္ပန်မှာ
ချွေးနံ့ သွေးနံ့ နာကျင်ကြေကွဲနံ့တွေနဲ့
ဒုက္ခကို မင်းသားတင်ပြီး ကခုန်တော့တာပဲ။
ဘဝပေး တဲ့၊
ဘယ်သူ့ ညှို့က လွှတ်လိုက်တဲ့ မြားလဲ
အဆိပ်တွေ ပြင်းလွန်းတယ်။
ဖန်တရာတေ မဲပြာပုဆိုးဇာတ်လမ်းမှာ
ဓာတ်ပြားဟောင်းကြီးကိုလည်း ဖွင့်ခဲ့ပါတယ်
မိတ်ဆွေကောင်းကိုလည်း ငတ်မွတ်ခဲ့ပါတယ်
လမ်းသစ်ကိုလည်း စမ်းတဝါးဝါးလျှောက်ခဲ့ပါတယ်
အိမ်အိုဟောင်းကိုလည်း လွမ်းတတ်ခဲ့ပါတယ်
ကြာလာတော့
ကျွန်တော့ရင်ဘတ်မှာ ဆာလောင်မှုတွေပြည့်လာတယ်။
ဒီအရပ်မှာ
မြန်မာဆန်ဆန်၊ သနပ်ခါးပါးကွက်
ကတ္တီပါဖိနပ်ဝတ်ကောင်မလေးတွေ ရှားပါးတယ်။
ကျောင်းတုန်းက သူငယ်ချင်းမလေး
'အသည်းပုံနားဆွဲလေး' တဲ့ (ကဗျာဆရာပေးတဲ့အမည်)
အခု ဘယ်ရင်ကို တိမ်း ညွတ် ခို ဝင် သွားခဲ့ပြီလဲ
လွမ်းဆွတ်တမ်းတ သတိရလိုက်တာ။
ဒီအရပ်မှာ
နေဝင်နေထွက် မမြင်လိုက်ရတဲ့ ရက်တွေ များပြားတယ်
လမင်းဆို
နီယွန်မီးရောင်စုံမြို့ကြီးရဲ့
မိုးမျှော်အဆောက်အအုံတွေကြား ဖြတ်သန်းဖို့မဝံ့ဘူးထင်ရဲ့၊
ခေတ်သစ်ယဉ်ကျေးမှုတောနက်ထဲ
ကာဗွန်ငွေ့ကိုကြိတ်မှိတ်ရှူ
ယန္တရားစက်အော်သံတွေ ဆူညံလို့
ရွာက လင်းကြက်တွန်သံလေးကိုတောင် လွမ်းမိသား။
ဒီအရပ်မှာလေ
အိမ်လွမ်းစိတ်တွေ ဝင်လာတိုင်း
ရှိသမျှဒဏ်ရာဟောင်းတွေကိုပဲ ပြန် ပြန်ကုတ်ဖဲ့မိတယ်
ကျွန်တော့ချစ်သူတွေ အဝေးမှာကျန်ခဲ့တယ်
ကျွန်တော့ကိုချစ်တဲ့သူတွေ ဟိုး...အဝေးမှာ ကျန်ခဲ့ကြတယ်
ဆိုတော့...
ဘောင်းဘီဝတ်မြို့တော်ကြီးမှာ ကျွန်တော်တစ်ယောက်တည်း...။  ။

                                                             
 မိုးဇက်(သခွတ္တနယ်)

အတွဲ(၄)၊ အမှတ်(၈)၊ မေလ၊ ၂၀၁၀၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။

သို့ ... ဖေဖေ


ဖေဖေ ....

  ကျွန်တော့ရဲ့ ကလေးဘဝတစ်လျှောက်လုံးကို
  ဘယ်လို စိတ်ရှည် သီးခံမှုတွေနဲ့
  ထိန်းကျောင်းပေးခဲ့တာလဲ ဖေဖေ

  ကျွန်တော့ရဲ့ ကျောင်းစရိတ် မုန့်ဖိုးတွေအားလုံးကို
  ဘယ်လို အလုပ်မျိုးတွေ လုပ်ပြီး
  ရှာဖွေပေးခဲ့တာလဲ ဖေဖေ

  ကျွန်တော့ရဲ့ ရှက်တတ် ကြောက်တတ်တဲ့ စိတ်ကို
  ဘယ်လို သတ္တိတွေပေးပြီး
  ရဲရင့် စေခဲ့တာလဲ ဖေဖေ

  ကျွန်တော့ရဲ့ အောင်မြင်မှုသေးသေးလေးတွေကို
  ဘယ်လို ကြွေးကြော်ပြီး
  ဝမ်းသာ ဂုဏ်ယူခဲ့တာလဲ ဖေဖေ

  ကျွန်တော့ရဲ့ ရှုံးနိမ့်မှုတွေကို
  ဘယ်လို ခွင့်လွှတ်နားလည်မှုတွေနဲ့
  အားပေး ဖြေသိမ့်ခဲ့တာလဲ ဖေဖေ

  ကျွန်တော့ရဲ့ အရိုင်းဆန်မှုတွေကို
  ယဉ်ကျေး သိမ်မွေ့လာအောင်
  ဘယ်လို ဆုံးမ သွန်သင်ခဲ့ရသလဲ ဖေဖေ

  ကျွန်တော့ရဲ့ မိုက်မဲမှု အပြစ်ကြီး,ငယ်အားလုံးကို
  ဘယ်လို မေတ္တာတရားတွေနဲ့
  သေးငယ် ပ,ပျောက်စေခဲ့တာလဲ ဖေဖေ

  ကျွန်တော့ရဲ့ (သုံးစားလို့မရတဲ့) ဘွဲ့ဓါတ်ပုံတစ်ခုကို
  ဘယ်လို ကြည်နူး ပီတိတွေရလို့
  နံရံမှာ ချိတ်ဆွဲထားရတာလဲ ဖေဖေ

  ကျွန်တော့ရဲ့ ဘဝခရီးတစ်လျှောက်လုံးကို
  ဘယ်လို ဒုက္ခတွေခံပြီး
  သာယာဖြောင့်ဖြူးစေခဲ့တာလဲ ဖေဖေ

ဖေဖေ ....
  ကွန်တော်က သူစိမ်းတရံကြားရောက်မှ
  ဖေဖေ့ရဲ့ မေတ္တာတရားကို စဉ်းစားမိတယ်
  နည်းပညာခေတ်ကြီးက
  ချစ်ခြင်းမေတ္တာကို ငတ်မွတ်စေတယ် လို့
သား ....
            ထင်တယ် ဖေဖေ .... ။  ။

 မိုးဇက်(သခွတ္တနယ်)

အတွဲ(၄)၊ အမှတ်(၃)၊ ဖေဖော်ဝါရီလ၊ ၂၀၁၀၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။
 
 

လူ ပျို ကြီး


အသည်းကွဲမှာ ကြောက်လို့ တဲ့
ခုထိ ရည်းစား တစ်ယောက်မှမရှိဘူး

စံပယ်ဦးကတည်းက
ဖွင့် ဖောက် မပေး ဖြစ် ခဲ့ တဲ့ စာ
ဆရာမကြိမ်လုံးကို ထိတ်လန့် ကြောက်ရွံ့ နေဆဲလား

လောကဓံရဲ့ ကြိမ်လုံးကို
                      ငုံ့   ရှောင်   လိုက်
လောကီ အမှိုက်ပုံထဲ
                     ပတ်   ပြေး    လိုက်
ဘဝပေါ် မျက်   စေ့    လည်   လမ်း   မှား    လိုက်
ဇရာတွေ ....
ခါး  နည်း   နည်း      ကိုင်းလာခဲ့

ဒီ
   လို
       နဲ့
နှလုံးသားတွေ
အသွေး
အရောင်
ခွဲ ခြား ခံ နေ ရ ပေါ့ ။    ။

မိုးဇက်(သခွတ္တနယ်)

*ကဗျာဆရာ လှိုင်ရဲအောင်(ပြည်)အတွက် မွေးနေ့အမှတ်တရ*

မြန်မာပြည်ကို လွမ်းတယ်



သုံးနှစ်သားဆိုတာ
စကားပြော လည်ဝယ်တဲ့အရွယ်
အပေါင်းအသင်း ခုံမင်တဲ့အရွယ်
သွားတတ် လာတတ် စားတတ် သောက်တတ်တဲ့အရွယ်
ဒါပေမယ့်
ကျွန်တော် သားချော့တေးနဲ့ ဝေးတဲ့ရင်ခွင်မှာ
မပျော်ပိုက်ပါဘူး
အခြေကျပေမယ့်လည်း
နေမထိ ထိုင်မသာစိတ်တွေနဲ့ ယောက်ယက်ခတ်တုန်း ...
တခါတလေကျတော့
အညာမြေကို သတိရတယ်
အိမ်ပြန်ဖို့ စိတ်ကူးလိုက်တိုင်း
ကျွန်တော့ဦးနှောက်က ကဗျာတစ်ပုဒ်ထွက်လာနေကျ
' အိမ်ပြန်လို့ မဖြစ်သေးဘူး '
' အိမ်ပြန်လို့ မဖြစ်သေးဘူး ' တဲ့
လူတစ်ယောက်ရဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်က ဘာလဲ
ကျွန်တစ်ယောက်လို
စက်ရုပ်တစ်ရုပ်လို
ခံစားမှုပျောက်နေတဲ့ဘဝ ဒီမျှနဲ့ ရပ်ပါစေ။
ခေါင်းမြီးခြုံ ဝတ်ရုံရှည်နဲ့ ကောင်မလေးရေ
မင်းတို့မြေမှာ
နည်းပညာမှော်ရုံတွေ ဘယ်လိုပေါပေါ
မြန်မာ့မြေ၊ မြန်မာ့လေကိုပဲ ရှူရှိုက်ချင်တယ်
စေတီပုထိုးတွေရဲ့ အေးရိပ်ကိုပဲ ခိုဝင်ချင်တယ်
အလှူအတန်း ပွဲလမ်းသဘင်ကိုပဲ ကြည့်ရှုခံစားချင်တယ်
ကျေးလက်ရှုခင်းတွေကို လွမ်းတယ်
ရိုးပြတ်လယ်ကွင်းတွေကို လွမ်းတယ်
တမာတန်းနဲ့ ထန်းတောညိုညိုကြီးကို လွမ်းတယ်
လမ်းဘေး ကွမ်းယာဆိုင်ကလေးတွေကို လွမ်းတယ်
ရွာအဝင်က 'လှိုက်လှဲစွာ ကြိုဆိုပါ၏' ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို လွမ်းတယ်
ကျွန်တော် မြန်မာပြည်ကို အရမ်းလွမ်းတယ်။  ။

မိုးဇက်(သခွတ္တနယ်)

* မလေးရှားရောက် သုံးနှစ်ပြည့် အမှတ်တရ *

အတွဲ(၁)၊ အမှတ်(၅)၊ သြဂုတ်လ၊ ၂၀၁၀၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။


အိုဗာစတေး


ဇာတ်လမ်းအရ
ထောင်နှုတ်ခမ်းပေါ် လမ်းလျှောက်ဖို့ဖြစ်လာတော့
မည်းမည်းမြင်သမျှ ထိတ်လန့်တတ်ခဲ့တာ ကြာပေါ့
စူးစူးနစ်နစ် ယုံကြည်ထားသမျှ
အိပ်မက်ကို ထုဆစ်ပုံဖော်ရင်း
ခါးသီးပေမယ့် မြိုချခဲ့သလို
ချိုမြသော်လည်း အန်ထုတ်ပစ်ခဲ့တယ်
ရှေ့မှာ
ဆောင်ရန် ရှောင်ရန် အပြည့်နဲ့လမ်းကျဉ်း
ကိုယ့်ကိုယ်ကို တည့်မတ်ထိန်းလျှောက်နိုင်မှ
ဒဏ်ရာ အနာတရ သက်သာမယ်
ပြဿဒါးတွေ အုပ်လိုက် သင်းလိုက် ဒီနှစ်မှာ
ည ဆိုတာ အိပ်ဖို့သက်သက်မဟုတ်လေတော့
လုံခြုံရေးအတွက်
ပုန်းခိုစရာရှာရင်း
ဆီအုန်းတောဟာလည်း အိမ် ဖြစ်ခဲ့ဖူးပါရဲ့
ကောင်းကင်ထဲ ပျံဝဲနေတဲ့ ငှက်လို
နေညိုရင် ဘယ်အပင်ကိုခိုရမလဲ
နေထွက်ရင် ဘယ်စားကျက်မှာသက်ဆင်းရလဲ
သိုက်မြုံဝေးမှာ ဝမ်းစာရှာတဲ့ ဘဝ ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၄)၊ အမှတ်(၁၃)၊ သြဂုတ်လ၊ ၂၀၁၀၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။

ဒုတိယမ္ပိ မလေးရှား



မိဘနှစ်ပါးရဲ့ချွေးစက်
သမီး နဲ့ ဇနီးသည်ရဲ့ မျက်ရည်
ရှက်ရွံ့စိတ် နဲ့
နောင်တတွေကို တပါတည်း သယ်လာခဲ့တယ်။

ယခင်တစ်ခေါက်က
သဲထဲသွန်ခဲ့တဲ့ရေကို ပြန်ခပ်ယူမယ့် မျှော်လင့်ချက်နဲ့
တစ်ယောက်တည်းဆွဲရုံ
မိသားစုဘီးတွေ ရွေ့မယ် ထင်တစ်လုံးနဲ့
ကိုယ့် ကိုယ် ကို
သူရဲကောင်းတံဆိပ်ကပ်ပြီး ရောက်လာခဲ့တယ်။

ဆိုင်းသံ ဗုံသံကြားလို့ တစ်ဆစ် တစ်ချိုး မကခဲ့
ပုလင်းသံ ဖန်ခွက်သံကြားလို့လည်း ယစ်မျိုး မကြွခဲ့
'အ'တွေ၊ 'မ'တွေ၊ 'ဖား'တွေ၊ 'ငါး'တွေ နဲ့
မူးယစ် လောင်းကစား အားလုံးကို ခေါက်ထားလိုက်တယ်။

ဖွဲမီးလား ... ကောက်ရိုးမီးလား ...
ရောက်စမို့  စ,ရောက်သူလို ကျင့်ကြံ
ခေါက်ဆွဲက ချိုတယ်
ကြက်ဥက အရသာရှိတယ်။

ဒီလိုနဲ့
နောက်ဆုံးတော့ ဝင်္ကဘာထဲရောက်တဲ့သူလို
ထွက်ပေါက်ရှာရင်း ဗီဇာကုန်၊
ဆန္ဒတွေ မပြည့်စုံနိုင်သေးတော့
တစ်ခေါက်ပြန်ပြေးလိုက်၊ တစ်ခေါက်ပြန်တက် လာလိုက်နဲ့ ...

ဒီမြေ ဒီရေ ဒီလေကို တစ်ကြိမ်ရှူရှိုက်မိသူဟာ
ဒီနေရာ ဒီဒေသကို နောက်တစ်ကြိမ် ပြန်ရောက်ရမယ် လို့
တန်ခိုးရှင် တစ်ဦးဦးကများ
ကြိမ်စာတိုက် ထား ခဲ့ လေ သ လား ... ... ။  ။

မိုးဇက်(သခွတ္တနယ်)

* သူငယ်ချင်း လင်းခိုင် သို့ *


ကောင်းကင်မရှိတဲ့ ကြယ်



ကျောင်းလွယ်အိတ်အစား
ဘဝဟာ ပုခုံးပေါ်ရောက်ခဲ့ပြီ ဟန်နီ
နင်ကတော့ နင့်စိုက်ခင်းလေးနဲ့ နင့်အိမ်နဲ့ တစ်ကမ္ဘာတည်လို့
ဦးနှောက်ယိုစီးမှုဆိုတာ
မိသားစုထမင်းဝိုင်းကို သွန်မှောက်ပစ်မယ့် မိစ္ဆာ ဆိုလား
ကဗျာက ဘဝဆန်ဆန်
ဘဝက ယန္တရားဆန်ဆန်
ငါ့မှာ မိတကွဲ ဖတကွဲ တေးတွေသီလို့
ချစ်သူတကွဲ ခင်သူတကွဲ ကဗျာတွေပန်းလိုကြွေခဲ့
ချစ်ခြင်းမေတ္တာက မစိမ်းလန်းဘူး
ကမ္ဘာကြီးက မငြိမ်းချမ်းဘူး
လာမယ့်ပွဲစဉ်မှာ
အိုဗာစတေး ကိုပဲ အကြိတ်အနယ် ယှဉ်ပြိုင်ရမလား
အိမ်ကွင်းမှာပဲ ပြောင်းရွှေ့ကစားရမလား
ဘယ်ဘက်က လောင်းကြေးထပ်ရမှန်းမသိဘူး။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၂)၊ အမှတ်(၄)၊ ဧပြီလ၊ ၂၀၁၁၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။


ရင်ကွဲပုစဉ်းရဲ့ ဂီတ


ဘယ်လောက် ကူးခတ် ကူးခတ်
သမုဒ္ဒရာက မဆုံးနိုင်တော့
ဘဝရေ
မင်းနဲ့ငါ မပျော်တစ်သက် ပျော်တစ်သက်ပဲ ။

ဒီနေ့ ထမင်းမစားရသေးတဲ့အကြောင်း တွေးမိတော့
မနေ့က ပိုက်ဆံမရှိတဲ့အကြောင်း ခေါင်းထဲဝင်လာ
ဒါနဲ့ အိပ်ကပ်တစ်ခုလုံး သွန်မှောက်ရှာဖွေလိုက်တော့
အတိတ်ဖြစ်သွားတဲ့ ပစ္စုပ္ပန်တချို့ ထွက်ကျလာတယ် ။

မိုးထဲ ရေထဲ လယ်စောင့်တဲက ထမင်းပွဲတွေလည်း
ဘယ်ဝါဆိုမှာ ပြိုခဲ့ပြီလဲ ...

လောကဓံရှစ်ပါးကို သရေကျစ်ပြီး
ပတ်မကြီးလို တီးပစ်လိုက်ချင်တယ် ။

အသက်တွေ တရွေ့ရွေ့ကြီးလို့
သောကတွေ တဖြည်းဖြည်း ပိတာလား ...
တိုက်ပွဲတွေ ဆက် ဆက်လာလို့
ဒဏ်ရာတွေ ထပ် ထပ်တက်တာလား ...

သေချာတာကတော့
နှလုံးသားတွေ နူးနူးညံ့ညံ့ ပေါက်ကွဲတာနဲ့
ကဗျာတစ်ပုဒ် ကောက်ရေးဖြစ်တာပဲ ။

ကြည့် စမ်း ပါ
ငါ့ ရင်ဘတ်ကို သေသေချာချာ ကြည့်စမ်းပါ
မီးခိုးတွေ အူထွက်နေသလားဆိုတာ ... ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၂)၊ အမှတ်(၁)၊ ဇန္နဝါရီလ၊ ၂၀၁၁၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။

လူငယ်


ပျံသန်းခွင့် ကြုံလို့
ကောင်းကင်ကို လေဟုန်စီးခဲ့ပြီ ။

ပစ်မှတ်ကို သေချာချိန်ကြည့်လိုက်တော့
တချို့က ကောင်းကင်က တိမ်တွေရဲ့နောက်မှာ
တချို့က ပင်လယ်ကြမ်းပြင်ခြေရင်းမှာ
တချို့က တောကြီးမျက်မည်း လျှိုမြောင်ကြားမှာ
တချို့က ... ...
တချို့က ... ... ... ... ။

ဒီခရီး ဒီလမ်း
ကြမ်းချင်သလောက် ကြမ်းပါစေ ။

အလွမ်းတွေ ဘယ်လိုရှိရှိ
အငြိတွေ ဘယ်လောက်ကြုံကြုံ
ရင်ခုန်သံ ဘယ်လောက်ပြင်းပြင်း
အဆင်းတွေ ဘယ်လိုလှလှ
နှလုံးသားကို သော့ခတ်ထားပါ့မယ် ။

အန္တရာယ် ဘယ်လောက်များများ
ကျား ဘယ်လောက်ပေါပေါ
တော ဘယ်လောက်ထူထူ
လူသူ ဘယ်လောက်ဝေးဝေး
သွေး ဘယ်လောက်ခင်းခင်း
နင်းစရာမြေ မရှိရင်တောင် ရောက်အောင်သွားမယ် ။   ။

မိုးဇက်(သခွတ္တနယ်)
______________ ၂၀၁၂၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။

ရွှေ ပုံ ပြင်



_
ဆရာခရမ်းပြာထက်လူ ရဲ့
'ဘတ်စ်ကားပေါ်မှာ' ကဗျာကို မဖတ်ဖူးပေမယ့်
ရွှေမြန်မာတချို့ရဲ့ ဘတ်စ်ကားပေါ်က ကဗျာကတော့
ယမကာအခိုးအငွေ့ကြားမှာ ကွမ်းတံတွေးနဲ့အပြိုင်
ရဲဗလောင်းကို လှိုင်လို့ ..
နှမသားချင်းမှ မစာနာ
သားပြော မယားပြော ပါးစပ်အရသာခံပြီး
မြန်မာတို့ရဲ့ ယဉ်ကျေးမှုစာမျက်နှာကို
မင်ဖြူနဲ့ ရိုက်နေလိုက်ကြတာ(အရှက်မရှိတဲ့ မျက်နှာတွေနဲ့)
တိုင်းတပါးရောက်ကျွန်သဘောက်ချင်း အတူတူ
ကိုယ့်အချင်းချင်းမှ ဖေး မကူကြရင်
ဘယ်သူကလာကြည့်ရှု စောင့်ရှောက်မလဲ .. ပြော
အမျိုးကိုသစ္စာဖောက်
အသားထဲက' လောက် ' မဖြစ်ချင်စမ်းနဲ့ သူငယ်ချင်း
ဒါ .. တို့မိသားစုတွေအတွက် အကြွေးခင်းပြီး နင်းခဲ့ရတဲ့ လမ်းလေ
လာချင်းကောင်းသလို ပြန်ချင်းကောင်းဖို့ လိုတာပေါ့
လောကဓံအကြမ်းလောက်တော့
ပန်းနဲ့ ပေါက်သလောက်ပဲ နာစမ်းပါ
ခုတော့(ဖြစ်နေကြပုံက)
လာရင်း ရည်ရွယ်ချက်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း။
ခဏရည်စားအတွက်
ဖုန်းသစ်တစ်လုံးနဲ့ မျှားတဲ့သူကလည်း
ရွာက မယားကြီးဆီ ငွေမပို့
မစို့မပို့ လစာလေးခမျာ ပိုးကြေးပန်းကြေးနဲ့ ကုန်ပါရောလား
ဟော  ဘာတဲ့ ၊ iPhone တဲ့ ၊ Laptop တဲ့
သက်ပြင်းရှည်မှ မဆုံးခင်
ပုံပြင်က ဒီသောင်ဒီကမ်းပဲ ဆိုက်လာတယ်။
သေချာတာက
ဒီမလေးကျွန်းဆွယ်မှာ
ပုံပြောတဲ့သူတွေ ရှိနေသမျှ
ပုံနားထောင်တဲ့သူတွေ ရှိနေဦးမှာပဲ
ယုံစားတတ်တဲ့သူတွေ ရှိနေသမျှ
ပုံကြွားတတ်တဲ့သူတွေ ရှိနေဦးမှာပဲ
ရွှေသမင်နဲ့ ပန်းခြွေမုဆိုးတွေ
လိုက်တမ်း ပြေးတမ်း ကစားနေသမျှ
ကျွန်တော်တို့ကလောင်တွေလည်း ချွန် မြ နေ ဦး တော့ မှာ ပဲ။   ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၅)၊ အမှတ်(၃)၊ ဖေဖော်ဝါရီလ၊ ၂၀၁၁၊ လမ်းသစ်ဂျာနယ်၊ မလေးရှား။


Tuesday, 4 September 2012

သို့


ငါးပိရည်နဲ့ ထမင်းကြမ်းခဲဖြစ်ဖြစ် ယူလာခဲ့
ငါ့အတွက် ပေါင်မုန့်တွေမလိုဘူး
ဒါ  စကတ်ကွဲ ယဉ်ကျေးမှုလား
လည်ဟိုက် ဖက်ရှင်အသစ်လား

ငါ့ မျက်လုံးတွေ ရှက်ရွံ့ သိမ်ငယ် မသွားခင်
အကြမ်းရည်တစ်အိုးလောက် မြန်မြန်ချပေး
ဘဝအမောထက်
ရင်အမောက ပိုသည်းတယ်။

ဒီ 'ကျွန်' ရွာကလေးမှာ
ကိုယ့်ကိုယ်ကို ချရောင်းပြီး
ကိုယ့်ကိုယ်ကို ပြန်ရွေးထုတ်နိုင်တဲ့ သူ
ဘယ်နှယောက်များ တွေ့ဖူးလိုက်သလဲ။

ဆတ်ဆလူးမလေးရေ
သနပ်ခါးမလိမ်း ပန်း မပန်တတ်ရင်နေပါ
မင်း မြန်မာလူမျိုးဆိုတာ
မင်း နှလုံးသွေးထဲ ကျစ်ကျစ်ပါအောင် သိမ်းထား ။  ။

မိုးဇက်(သခွတ္တနယ်)

အတွဲ(၁)၊ အမှတ်(၇)၊ အောက်တိုဘာလ၊ ၂၀၁၀၊ သတင်းကွန်ယက်ဂျာနယ်၊ မလေးရှား။




တိတ်ဆိတ်ခြင်းအသံ ကမ္ဘာမြေထံရိုက်ခတ်
ကြယ်တာရာနက္ခတ် လောကကိုနိမိတ်ဖတ်တယ်
လေညင်းလေးတေးဆိုရင် သာယာပျော်ရွှင်တိတ်တဆိတ်နားဆင် ည
လပြည့်ည လကွယ်ည လသာည လ,မဲ့ ည   ညဟာ ညပဲဖြစ်တယ်
ညဟာ   ညကို   ညလိုစီးဆင်းခဲ့
ညဟာ  ညကို  ညပုံပြင်တွေနဲ့ကြီးပြင်းခဲ့
အမှောင်လမ်းမှာ ဘဝကိုတစ်ဖဲ့ချင်း ဖဲ့ခြွေ ရောင်း ဝယ် ည
ဝံပုလွေတွေ သိုးရေကို ဈေးကောင်းကောင်းပေးဝယ် ည
ကောက်ကျစ်တဲ့မြေခွေးတစ်အုပ်သာ ယစ်မူးစည်းစိမ်ခံ ည
ကောင်းကင်တခွင် ကြယ်တွေ ခုန်ပေါက် ပြေးလွှား
မြူးပျော်နေတာလား  အချင်းချင်းတိုက်ခိုက်နေကြတာလား ည
ဟော ကြည့်စမ်း !
တိမ်ရိုင်းတွေ တစ်အုပ်ပြီး တစ်အုပ် ကြယ်တွေကိုဖုံးအုပ်ပစ်နေလိုက်ကြတာ
အတောက်ပဆုံး အလင်းလက်ဆုံးကြယ်တို့
ကိုယ်ပိုင်အလင်းရောင် ဖျော့ တော့ မှေး မှိန်
အဲဒီလို
ညဟာ ဝိရောဓိတေးသွားကို တတိတိကိုက်ဝါးနေလိုက်တာ
အရှေ့က အလင်းရောင်တွေ လာတဲ့ အထိ ။   ။

မိုးဇက်(သခွတ္တနယ်)


မြစ်

ကမ္ဘာကြီးကို
ခွစီးပြီး 'ဇက်' ကုန်လွှတ်နေတာ
လမ်းမဖယ်ကြနဲ့
လမ်းမဖယ်ကြပါနဲ့
မြေနံ့ခံပြီး ဦးခေါင်းနဲ့တိုးဝှေ့ လိုက်လာခဲ့မယ်
တစ်ခုခု ဝင်ပူးကပ်လာရင်တော့
ခင်ဗျားဦးခေါင်းလည်း ရိုက်ခွဲပစ်မှာပဲ
ကိုယ့်မျက်နှာကိုလည်း လက်သီးနဲ့ ဆွဲထိုးမှာပဲ
တစ်ကိုယ်လုံး ဖြန့်ခင်းပြီး လင်းမယ်
အဲသလို မှိုနံ့မွှေးနေတဲ့ကောင်ပါ
ရေမွှေးစော် မနံချင်ဘူး ။   ။

မိုးဇက်(သခွတ္တနယ်)


မျှော်


တိတိပပ ပြတ်ပြတ်သားသား ရေရေရာရာ
ဘယ်အင်္ကျီနဲ့မှ မတော်သောအခါ
ပင့်သက်ရှည် ထစ်အ ထစ်အ
ဖြစ်  ဖြစ်ရပုံများ ။   ။

မိုးဇက်(သခွတ္တနယ်)


မေ

မိုးဦး တဲ့
သင်္ကြန်ပြီးမှ မွေးသော 'ဇွန်' ၏ မမ
သူမက မှော်ဆရာဖြစ်တယ် ။

တခါတခါ မုန်တိုင်းလိုရယ်မော
တခါတခါ လေပြည်လိုရွှင်မြူး
တခါတခါ မျက်ရည်လည်ရွဲနဲ့ ငိုပြန်ရော-

ဂါထာအတတ်နဲ့ မန်းမှုတ်
မီးခိုးလုံးမှထွက်ပေါ်လာသော စက်ရုပ်မိန်းမပျိုတွေကြားမှာ
(သူမက)
ပန်းသီးတစ်ကိုက်ကျွေးချင်သူရဲ့ နံရိုးတစ်ချောင်းလည်း
ဖြစ်နေသေးတယ် ။   ။

မိုးဇက်(သခွတ္တနယ်)


တိမ်

ပင်လယ်လား မီးခိုးလား
မွေးရပ် ဇာတိကို မသိဘူး
တောကို ကျောပေါ်က ငုံ့ကြည့်ရင်း
ဘယ်အပင်ဟာ ရနံ့သက်သက်သီးမလဲ
အလင်းတွေ ရွှဲလို့ ။  ။

မိုးဇက်(သခွတ္တနယ်)

အိမ်

ပုန်းရှောင်သူအတွက်
ကမ္ဘာကြီးက ကျဉ်းပြီး ရှာဖွေသူအတွက် ကမ္ဘာကြီးက
ကျယ်တယ်။

လက်မှာ
ပေနေတဲ့  ရွှံ့နဲ့ ၊ ရွှံ့မှာ
ပျော်နေတဲ့ ရေနဲ့ ၊ ရေမှာ
နစ်နေတဲ့ နွံနဲ့ ၊ နွံမှာ
ကျွံနေတဲ့ လက်နဲ့ ။   ။

မိုးဇက်(သခွတ္တနယ်)

ဒီကိစ္စနဲ့ပတ်သက်ပြီး မနက်ဖြန် မှ
ဆက်
ဆက် ဆွေးနွေးမယ်
ချစ်ခြင်းတဏှာတွေ ထားခဲ့
မုသာဝါဒလည်း ခေါ်မလာနဲ့
စကားပြော ဆင်ခြင်ပါ
ခြေထောက်ကို ဘယ်သူ့မှမနင်းမိအောင် ဂရုစိုက်ပါ
နှလုံးသားကို ဗိုင်းရပ်စ်မဝင်အောင် ကာကွယ်ပါ
မေတ္တာ များများသယ်ခဲ့။   ။

မိုးဇက်(သခွတ္တနယ်)

စွန်

ကဗျာဆရာမို့ စကားလုံးတွေနဲ့ပဲ ပျံသန်းတတ်တယ်။

မော့ကြည့်လိုက်
          . . . . . . . ကောင်းကင်မှာ
ငုံ့ကြည့်လိုက်
          . . . . . . . ဖဝါးအောက်မှာ။   ။

မိုးဇက်(သခွတ္တနယ်)

လက်


အဖိတ်အစင်များတယ်။
ခင်ဗျားပေးတဲ့အထဲက နည်းနည်းပဲ ဖမ်းယူလိုက်နိုင်တယ်။
တဆင့် ဖြန့်ဝေပေးလိုက်ပါမယ်။   ။


မိုးဇက်(သခွတ္တနယ်)


* အစ်ကိုကြီး ရိုးသက် သို့