Thursday, 21 November 2013

ညနေ



အိမ်အပြန် ခြေလှမ်းများသုတ်သုတ်
လမ်းပေါ်က ဖိတ်ကျလောက်အောင် တရွေ့ရွေ့
စက်တပ်ယာဉ်များ မိန်းမပျိုလေး ရေအိုးရွက်လာပုံ
ပေါ်လာနိုးနိုး ပန်းချီကားထဲ
သျောင်တစောင်းနဲ့ ပုလွေထိုင်မှုတ်နေတဲ့ လူငယ်
ဘယ်ဆီလဲ ငှက် နဲ့ တိမ် အမှောင်ဆီ
အပြေးအလွှား ခေတ်က
နွားရိုင်းသွင်းချိန်ကို
သွင်းလိုက်တော့။ ။

မိုးဇက်(သခွတ္တနယ်)

- ကောက်ကြောင်းခြစ်ထားတဲ့အတိုင်းပဲ ၊ မပြုရက် ၊ မပြင်ရက် -


Sunday, 10 November 2013

ခရီးသည်

နေပူရှိန်က အရမ်းပြင်းတယ်
ငါတို့ အရိပ်ခိုဖို့ သစ်တစ်ပင်မှ မစိုက်ရသေးဘူး။

နှင်းတွေ ပိတ်ပိတ်သည်းသည်းကျတယ်
ငါတို့အတွက် အနွေးထည်တွေက မချုပ်လုပ်ရသေးဘူး။

မိုးတွေ သည်းသည်းမည်းမည်းရွာတယ်
ငါတို့ ထီးတစ်ချောင်းရဲ့အသုံးဝင်မှုကို မေ့နေကြတယ်။

လေတွေ တရကြမ်းတိုက်ခတ်လာတော့
ငါတို့မှာ ပုန်းခိုဖို့နေရာ မရှိပြန်ဘူး။

ခြေရာတွေအတိုင်းပဲ လိုက်ခဲ့ကြတယ်
လမ်းခွဲရောက်တော့မှ
ငါတို့ ဘယ်သွားမလဲဆိုတာ စဉ်းစားမိရဲ့ ...

အဲဒီလိုနဲ့
ငါတို့ ပန်းတိုင်တွေပျောက်ခဲ့ကြတယ်။ ။

မိုးဇက်(သခွတ္တနယ်)

07.12.2009

ရေတံခွန်

အစဉ်အလာအရ
နိမ့်ရာကို စီးဆင်းပေမယ့်
ငါဟာ စမ်းချောင်းတစ်ခု မဟုတ်ဘူး
မြစ်ကျိုးအင်းလိုလည်း
သေဆုံးမယ့်ရက်ကို စောင့်မျှော်မနေဘူး
ကျောက်ဆောင်ကျောက်ခဲ ဘယ်လောက်ပင်ထူထပ်ပါစေ
ကိုယ့်လမ်း ကိုယ်ဖောက်မယ်
ပြီးရင်
ပင်လယ်အရောက် ကူးခတ်မယ်။    ။

မိုးဇက်(သခွတ္တနယ်)

06.12.2009

စက်ရုပ်လူသား


ဒီလို အဖိအနှိပ်ခံ ဘဝခါးခါး
ခံစားမှုတို့ တင်းကျပ်ပေါက်ကွဲ
အလဲလဲ အကွဲကွဲ ရှင်သန်ခြင်းမှာ
အသည်းကို အသည်းချင်း
နှလုံးသားကို နှလုံးသားချင်း
စာနာထောက်ရှု နားလည်မှုပေးနိုင်တဲ့
မေတ္တာတရားဆိုတာ ဝေဝေဝါးဝါး ...

ကံကြမ္မာကို အပြစ်ပုံမချချင်ဘူး
ဒါ ... ငွေတိုးချေးသမားစခဲ့တဲ့ဇာတ်လမ်း
Agent ရေးတဲ့ ဇာတ်ညွှန်း
မွန်းကျပ်ဖွယ်တေးသွားအစုံစုံနဲ့
သူဌေးဆိုသူရဲ့ စီစဉ်တည်းဖြတ်မှုအောက်မှာ
ဇာတ်ရုပ်ကျရာ သရုပ်ဆောင်ရတဲ့ ကျွန်တော်
ဝေးရပ်မှာ တော်ရဲ့လား ... ပျော်ရဲ့လား ...

တစ်နေ့တာ ပင်ပန်း နွမ်းလျ
နေထွက်စမှ ညသန်းခေါင်မိုးချုပ်
အလုပ်ခွင်မှာ ကုန်ဆုံး
ထိပ်ဆုံးရောက်ကုန်ဈေးနှုန်းနဲ့
စောက်ထိုးမိုးမျှော် ငွေပေါက်ဈေး
စေ့စပ်ညှိနှိုင်းပေးဖို့
အပြေးနှုန်းကို ထပ်မြှင့်ထား ...

ဘဝကနင်းပြား
ကိုယ်ပိုင်အချိန်ကို ရောင်းစားမိလေတော့
သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ
စက်ဖြစ်လိုက် လူဖြစ်လိုက်
တပ်ဆင်လိုက် ဖြုတ်ချလိုက်နဲ့
ဒီည အိပ်စက်ခြင်းဟာ
မနက်ဖြန်အတွက် သံပတ်တင်းအား ... ။ ။

မိုးဇက်(သခွတ္တနယ်)

10.03.2010

သူ့ ... ကျွန်

ကံကြမ္မာရယ်
ငါ ဘယ်အထိ ဆက်လွင့်ရဦးမလဲ
အလျင်လိုလို့ လမ်းအိုပဲလိုက်ခဲ့တယ်
မလေးရှားဆိုလို့ မလေးရှားကိုလာခဲ့ပါတယ်
ကွယ် ...
မှန်းချက်က နှမ်းထွက်မကိုက်ဆိုသလိုမျိုး
အတိုးက ကြီးကြီး
အရင်းအနှီးက များများ
လစာက နည်းနည်း
စားစရိတ်ကိုချွေတာ
အသုံးစရိတ်ကိုချွေတာ
ဟိုသွားဒီလာကိုလျှော့
ဘီယာတောင် မမော့ဖြစ်ပါဘူး
နိစ္စဓူဝ
အလုပ်မှ အိမ် ၊ အိမ် မှ အလုပ်
ကုပ်ကုပ်ကလေးနေထိုင်
ယိုင်နေတဲ့စိတ်ကို အားပေး
အတွေးဆိုးတွေကို ဖျောက်ပစ်
စိတ်မညစ်ခင်မှာ ပျော်အောင်အိပ်ရတယ်
ဘဝက အဆင်မပြေလွန်းတော့လည်း
အလဲလဲ အကွဲကွဲနွှဲရတာ အရသာမရှိဘူး
ဟူးးးး ....... ဘာလဲ
မလေးရှား ငွေ က ငါတို့ 'ရွှေ' ထက် အဖိုးတန်နေလို့လား
Hand Phone အစုတ်တစ်လုံးက ငါတို့ 'ရွှေ' တွေထက် လူရာဝင်နေလို့လား
စိတ်ကူးထဲမှာ ယဉ်ပြီး အပြင်မှာ ရိုင်းနေတာ ဘဝလား
သတိရမိပါသေးတယ်
Agent တွေ ပြောခဲ့တဲ့အကြောင်းအရာ
"တစ်ရွာမပြောင်း သူကောင်းမဖြစ်" တဲ့
ခုတော့
"သေချင်တဲ့ ကျား တောပြောင်း" မှားပြီလား
ကံကြမ္မာရယ်
ငါ ဘယ်အထိ ဆက်လွင့်ရဦးမလဲ။ ။

မိုးဇက်(သခွတ္တနယ်)

23.10.2009

Sunday, 5 May 2013

မိုး


အနူးညံ့ဆုံးဖြစ်အောင်
ပန်းပွင့်ပေါ်မှာ ရေးလိုက်မယ်
ချစ်တယ်
ကမ္ဘာမြေရေ
ငါ့ မျက်ရည်နဲ့ သစ်
ဘဝတွေ စိမ်းလန်းရစ်ပါစေတော့ ။  ။

မိုးဇက်(သခွတ္တနယ်)

Thursday, 7 March 2013

စိတ်ချင်းဆက်အမြွှာ



မင်းနဲ့ ငါနဲ့ မတွေ့တာကြာပြီ သူငယ်ချင်း
ကြာ ဆို မင်းနဲ့ ငါနဲ့ တွေ့မှ မတွေ့ဖြစ်ကြတာ
မတွေ့ဖြစ်တာ မင်းနဲ့ ငါနဲ့ ကြာပြီ သူငယ်ချင်း
တကယ်တော့ကွာ
မင်းက အလုပ်ရှုပ်ချင်ယောင်ဆောင်လိုက်
ငါက အလုပ်များချင်ယောင်ဆောင်လိုက်
မင်း .... စိတ်ရော ၊ ခန္ဓာရော ကျန်းမာရဲ့မဟုတ်လား
တနေ့က မင်းပို့လိုက်တဲ့အိပ်မက်တွေ ငါ လက်ခံရရှိပါတယ်
ပန်းတွေ လို့ တင်စားမယ်ဆိုလည်း ပန်းတွေပေါ့ကွာ
ကြယ်တွေ လို့ ခိုင်းနှိုင်းမယ်ဆိုလည်း ကြယ်တွေပေါ့
ချိုလည်း ချိုရဲ့ မွှေးလည်း မွှေးရဲ့
ဒါနဲ့ မင်းဆီမှာ ဘာတွေထူးလဲ
ငါ့ဆီမှာ ထူးတာဆိုလို့ ဘာမှ ထူးထူးခြားခြားထူးတာမရှိဘူး
ဘတ်စ်ကားဂိတ်မှာ လာကြိုသူ
အိမ်အထိ ဖိတ်ခေါ် ကျွေးမွေး ပြုစုသူ
ဘီယာဖြင့် ဇွတ်အတင်းဧည့်ခံသူ
တစ်ညလုံးနီးပါး ဆွေးနွေးငြင်းခုံသူ
ဂျီကျသမျှ သည်းခံ ခွင့်လွှတ် နားလည်ပေးသူ
အပြန်လမ်းမှာ စီးတော်ယာဉ် စက်ဘီးကို တွန်းပြီး ဘတ်စ်ကားဂိတ်ထိလိုက်ပို့သူ
ငါ အဲဒီလို ရေးမှတ်ဖူးတယ် မင်းအကြောင်းကို
မင်းအကြောင်းဆိုပေမယ့် မင်းတစ်ယောက်တည်းအကြောင်း
မဟုတ်ဘူး။ မင်းတို့ အားလုံးအကြောင်း
ဒါ မင်းတို့ အားလုံးအတွက် ရေးတဲ့ကဗျာ
ငါ မင်းတို့အားလုံးအတွက်ပေးနိုင်တာ ၊ ဒါ
အေးကွာ ငါ အိမ်ကထွက်လာတာ ကြာပြီ ခုထိလည်း အရင်ကအတိုင်းပဲ
မင်းတို့ အရင်ကအတိုင်း မနေကြနဲ့
မင်းတို့ မငယ်တော့ဘူး လို့ မင်းတို့ကို ဘယ်သူမှ မပြောလည်း
မင်းတို့ မငယ်တော့ဘူး ဆိုတာ မင်းတို့ကိုယ် မင်းတို့ သိတယ်
မမိုက်နဲ့ ၊ လိမ္မာဖို့ပြန်ပြီး ကြိုးစားရလောက်အောင်
မမိုက်နဲ့ ၊ ငါတို့မှာ ဘတ်စ်ကားစောင့်ရင်း လစ်ဟင်းသွားတဲ့လေလွင့်ချိန်တွေကို
ဘယ်ကြမ္မာဒိုင်လူကြီးကမှ အချိန်ပိုထပ်မပေးဘူး
မင်း တီးခတ်လိုက်မယ့် အနုပညာ
မင်း ဖမ်းဆုပ်လိုက်မယ့်ဂီတ
မင်းတို့ တီးခတ်လိုက်မယ့် အနုပညာ
မင်းတို့ ဖမ်းဆုပ်လိုက်မယ့်ဂီတ ငါ ရှူရှိုက်ရမှ ဖြစ်မယ်
ငါ့မှာ ဘယ်အချိန်ကောက်ကာငင်ကာ ထွက်ပြေးမယ်မှန်းမသိတဲ့
အသက်ကြီးတစ်ချောင်းက ရှိနေတယ်။ သူမပြေးခင် မြန်မြန် လုပ်ကြကွာ
ငါကတော့ ထမင်းစားဖို့ အလုပ်တစ်ခုကို ရှာနေတုန်းပါပဲ
မင်းတို့ ငါ့ကို နားလည်မှာပါ
တကယ်တော့ အနုပညာသမားစစ်စစ်ဆိုတာ
တစ်ယောက်ဝေဒနာကို တစ်ယောက်မြင်ရတဲ့ စိတ်ချင်းဆက်အမြွှာပါပဲ
ဘာကိုမှ ဖမ်းဆုပ်သက်သေပြလို့မရတဲ့အခါ
ခုလိုမျိုး အ အ,အိပ်မက်ကို ဘာသာပြန်တယ်
ကမ္ဘာတစ်ပတ် ပတ်တယ်
ထိုင်ရာမထ ခရီးထွက်တယ်
ခြေတစ်ဖက်နိမ့်နေတဲ့ စားပွဲကလေးဆီ စိတ်ခဏ ခဏရောက်တယ်
မနက်ဖြန်ဆိုတာကို မင်းတို့ ယုံတယ်မို့လား
အလင်းရောင်တည့်တည့်မှာ မီးညှိကြတာပေါ့။   ။


မိုးဇက်(သခွတ္တနယ်)