Thursday, 14 February 2013

ဆရာမ ကံသာနွဲ့ ပေးတဲ့ မွေးနေ့လက်ဆောင်

ဒီနေ့ မင်းမွေးနေ့
ဟေ့...!
တကယ်ကံကောင်းပါလားကွဲ့
ဆယ့်သုံးဂဏန်းနဲ့လူ
ရှားပါးတဲ့လူ
အာဂလူ
ဇမ္ဗူမှာတစ်လူ
ဗိုလ်ချုပ်နဲ့ မွေးနေ့ချင်း တူသူ
ငါဂုဏ်ယူတယ် သူငယ်ချင်း။


ဆိုတော့ ...
ဗိုလ်ချုပ်က သတ္တိရှိသူ၊
သူကတော့ ကြောက်တတ်သူ။
ဗိုလ်ချုပ်က ခေါင်းမော်နိုင်သူ၊
သူကတော့ ရင်ဆိုင်ရာရာမှာ ခေါင်းငုံ့နေတတ်သူ။
ဒါပေမဲ့.....အနုပညာချစ်မြတ်နိုးသူဖြစ်တာနဲ့
မွေးနေ့လေးတူတာပဲ ရှိပါသတဲ့လေ.....

မိုးဇက်ရေ......
အဲ့ဒါပဲအရေးကြီးသကွဲ့။
တို့ချစ်တဲ့ ဖခင်ဗိုလ်ချုပ်
မင်းလည်းချစ်တဲ့ ဖခင်ဗိုလ်ချုပ်။

တိုင်းပြည်လွတ်လပ်ဖို့အတွက်
အသက်ကိုပင်ပေးအပ် ဇွဲခတ်တဲ့ စွန့်ခြင်းကြီးတွေ။

မဟုတ်ရင်မခံတတ်၊ ဖြောင့်မတ်တဲ့စိတ် ထားခြင်းတွေ။

ငါ လို့မာန်မလုပ် သူတစ်ပါးကိုအပုပ်ချမှုကင်းတဲ့ နှိမ့်ချခြင်းတွေ။

အနာဂတ်အတွက် ကြိုတင်နိမိတ်ဖတ်တွက်ချက် အတွေးအခေါ်ထက်မြက်ခြင်းတွေ။

စာပေအနုပညာနဲ့ ပြည်သူတွေကိုပါချစ်တတ်တဲ့
စိတ်ဓာတ် ကြီးမားခြင်းတွေ။

တစ်မျိုးလုံးဂုဏ်ယူနိုင်လောက်တဲ့ ကြိုးကုတ်အားထုတ်ခဲ့ခြင်းများတွေ။

အဲ့ဒီလို..... ဗိုလ်ချုပ်လို.....မလုပ်နိုင်ရင်ထားအုံး(ဦး)
မင်းလည်း တစ်မျိုးသားလုံးကို ချစ်တဲ့သူ
တိုင်းပြည်ကိုလည်းချစ်တဲ့သူသာမက
ဘာသာ သာသနာကို စောင့်ရှောက်သူ
(ပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးကပဲဖြစ်ဖြစ်)
အများတကာ ဂုဏ်ယူနိုင်လောက်တဲ့သူ တစ်ယောက်
ဖြစ်မြောက်အောင်တော့ ကြိုးပမ်းစေချင်ပါတယ်။

ဒီမွေးနေ့မှသည် နှစ်တစ်ရာတိုင်
ကဗျာစာပေမဏ္ဍိုင်တစ်ခု ကြီးကြီးကိုဆောက်
မင်း ပေါက်မြောက်အောင်မြင်ပါစေကြောင်
ငါ......ဆုတောင်းလိုက်ပါတယ်။
 

ကံသာနွဲ့

စိုင်းအိုက်ပီး(ကျောက်မဲ) ပေးတဲ့ မွေးနေ့လက်ဆောင်


မင်းကဗျာတွေ တစ်နှစ်အသက်ကြီးပြန်ပြီ
မင်းအသက်ဟာ မင်းကဗျာ
မင်းကဗျာဟာ မင်းအသက်
ကိုညိုဆိုင်မှာ လဘက်ရည်ကြမ်းသောက်ရင်း ကဗျာတွေရွတ်ကြည့်မယ်
မင်းဆေးပေါ့လိပ်တွေ မီးထပ်မညှိနဲ့။   ။


စိုင်းအိုက်ပီး(ကျောက်မဲ)


မိုးဇက် (သို့) နှစ်ဆယ့်ရှစ်နှစ်သား

ဖေဖော်ဝါရီ (၁၃) တဲ့။

ခုလို ကြီးကျယ်မြင့်မြတ်တဲ့ နေ့မျိုးမှာ မွေးဖွားလာရခြင်းကိုပဲ
ဝမ်းသာလိုက်ရမလား .... ဂုဏ်ယူလိုက်ရမလား
(ငါကတော့ ရှက်နေမိတယ်)

ဗိုလ်ချုပ်မွေးနေ့မှာမွေးပြီး ဗိုလ်ချုပ်သွေးဆိုလို့
တစ်စက်ကလေးတောင် မရှိတဲ့ကောင်ပါ
ခွေးချင်းကိုက်တာမြင်ရင်လည်း ကြောက်တာပဲ
ရန်စစော်ကားလာရင်လည်း ခေါင်းငုံ့အရှုံးပေးတတ်တာပဲ
တူညီတဲ့ အရာဆိုလို့
အနုပညာကို ချစ်မြတ်နိုးတာနဲ့
ဒီမွေးနေ့ မွေးရက်ကလေးတစ်ခုပဲ ရှိတယ်။

ဆိုကြပါစို့
သစ်ပင်ချင်းအတူတူဖြစ်ရင်လည်း
ငါက ထင်းဖြစ်မယ့်ကောင်။

လှည့်ကြည့်လိုက်တော့
လွတ်ကျ ကျန်ခဲ့တဲ့အရာတွေက အများကြီး
လွှတ်ချ ချန်ခဲ့တဲ့အရာတွေလည်း ငါ့အသက်နဲ့ထပ်တူ။

လောကအပေါ် အကြွေးလည်းတင်ခဲ့
အကြွေးပေါ် အတိုးလည်းတက်ခဲ့
အတိုးပေါ် အတိုးလည်းထပ်လာခဲ့
မတော်တဆ တိုးမိတိုက်မိတဲ့ အက္ခရာတွေထဲ ကျွံဝင်ရင်း
မိသားစုရဲ့လရောင်ကို ကူညီလင်းမပေးနိုင်ခဲ့
နှစ်ဆယ့်ရှစ်နှစ်သား။

ငယ်စဉ်ကတည်းက ဖြစ်ချင်တာတွေတစ်ခုပြီးတစ်ခု
ဘာတစ်ခုမှ ဟုတ်တိပတ်တိ မဖြစ်ခဲ့ဖူးတော့
ဘဝမှာ ဘာဖြစ်ချင်သလဲဆိုတာတောင်
ဆုမတောင်းတတ်တော့တဲ့ နှစ်ဆယ့်ရှစ်နှစ်သား။

ဖေဖေက ထန်းတက်တယ်။ မေမေက စက်ချုပ်တယ်။
ငါက ဘာတစ်ခုမှ မဖမ်းနိုင်တဲ့ အကြီးကောင်
မမိုက်နဲ့
ရိုးသားရင် ကြိုက်တဲ့တံခါးကိုခေါက်ပြီး ဝင်လို့ရတယ်
စိတ်ကို တို့တို့ပြီးမောင်းလာတယ်။

ဒေါသကို ယမ်းငွေ့နဲ့ အပက်ခံရတဲ့အခါ
ယမ်းငွေ့ကို မီးပွားနဲ့ အတို့ခံရတဲ့အခါ
မရှို့လည်း လောင်ချင်နေတဲ့ လူငယ်။

အိမ်ကလေးရဲ့အဝေးမှာ
အိမ်မက်တွေ ကျကွဲ
အရာရာလွဲခဲ့ပေါ့။    ။


မိုးဇက်(သခွတ္တနယ်)

Wednesday, 16 January 2013

ပြက်လုံး


နှစ်သစ်မှာ
စိတ်သစ် လူသစ်နဲ့ ဘ၀သစ်ကို စမယ်
ငါ့နောက်က ဘယ်သူလိုက်မလဲ
ငါ့ဘေးမှာ ဘယ်သူရပ်မလဲ
ငါ့လမ်းကို ကူညီညွှန်ပြပေးပါအုံး

ကောင်မလေးရယ် ။    ။
 
မိုးဇက်(သခွတ္တနယ်)

မွေးမြေ သို့ တမ်းချင်း


ဘယ်နေရာ ဘယ်ဒေသနေနေ
ဘယ်အဆင့် ဘယ်အခြေအနေရောက်ရောက်
တွေးမိရုံနဲ့
ရင်ထဲ လွမ်းတသသ မေ့မရတဲ့ရွာကလေး ....

ကလေးတသိုက် ထမင်းထုပ်ကိုယ်စီပိုက်လို့
ပညာသင်ကြားခွင့်ရဖို့အရေး
တစ်ဖက်ရွာနဲ့
ကျောင်းသွားကျောင်းပြန်လုပ်တဲ့ ရွာကလေး ....

နေပူပူ မိုးရွာရွာ
လယ်ထဲ ယာထဲ ထန်းတောထဲ
အမြဲတိုးဝင် ရုန်းကန် လှုပ်ရှား
အများပြည်သူ ရုံးပိတ်ရက်မသိ
စနေ ၊ တနင်္ဂနွေမရှိတဲ့ ရွာကလေး ....

နွေဆို ဖုန်ငွေ့တို့ တထောင်းထောင်းထ
မိုးရာသီလမ်းမ ရွှံ့ဗွက်ထူ
နှင်းတွေ သည်းသည်းဖြူတဲ့ဆောင်းမှာ
ထန်းမြစ်ဖုတ် နဲ့ မီးလှုံတဲ့ရွာကလေး ....

ခုဆို
နှင်းတွေဝေပြီလား ....

အချမ်းပြေ
အကြမ်းရည်သောက်ရင်း
ကောက်ညှင်းပေါင်း နဲ့ ထန်းလျက်ခဲ
မိသားစုစုံညီ နွှဲကြပြီလား ....

မနက်စောစော
ဘွန္တော နိဗ္ဗာန်ဆော်သံ
ဆွမ်းထချက်တဲ့ အမယ်အိုရဲ့ မေတ္တာပို့သံ
ကြက်တွန်သံနဲ့နရီကိုက်
အုန်းမောင်းရိုက်သံများ
မကြားရ ကြာလေပြီ ။   ။

မိုးဇက်(သခွတ္တနယ်)

November 15, 2010

ဇန္န၀ါရီ

နာကျင်စွာနဲ့ပဲ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။
အရာအားလုံးကို တစ်ကပြန်စ စနေရတာနဲ့
တစ် တစ်နေတဲ့ဘ၀ကြီးခမြာ စကို မစနိုင်သေးဘူး။
အစမရှိ အဆုံးမရှိအောင်လှလိုက်တဲ့ နှင်းတွေ။
နှင်းတွေကြွေပြီ။
ကြွေပြီးသားမျက်ရည်များဟာ ပါးပြင်မှတဆင့်
မျက်ဝန်းများမှတဆင့်
နှလုံးသားဆီ တဖွဲဖွဲ တသည်းသည်း။
အို လှလိုက်တဲ့ နှင်းတွေ။ နှင်းတွေကြွေပြီ။
မကြားရ မမြင်ရသောသူမရဲ့ ဆုတောင်းစကားသံအစား
နှင်းတွေကြွေလာတယ်။ ဒဏ်ရာက နာလာတယ်။
ဗုံးသံ ကျည်ဆံတွေကြားမှာပဲ နှင်းတွေဖွေးဖွေးလှုပ်ကြွေလာတယ်။
ဒဏ်ရာက အသားနုတက်သလို တစစ်စစ်နာလာတယ်။
ရဟန်းရှင်လူတို့ရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့အတူ
နှင်းတွေ သည်းသည်းထန်ထန်ကြွေလာတယ်။
ဒဏ်ရာက ထုံအပြီး ကျင်နေအောင်နာလာတယ်။ နာတယ် ကျင်တယ်။
နာကျင်တဲ့ဒဏ်ရာကို တစိမ့်စိမ့်ခံစားတတ်တဲ့ ကဗျာဆရာဖြစ်နေခြင်းမို့
ပိုပြီး နာတယ် ကျင်တယ်။ နာကျင်တဲ့ဒဏ်ရာက ခုထိနာကျင်နေတုန်းပဲ။
ပျောက်ဆုံးသွားတဲ့ဒဏ်ရာက ခုထိရှင်သန်နေတုန်းပဲ။
ရှင်သန်ခွင့်ရတဲ့ဘ၀မှာ အိပ်မက်တွေက သေသွားပြီ။
ရှင်သန်ခွင့်ရတဲ့ဘ၀က အိပ်မက်တွေလို မျောသွားပြီ။
ထားခဲ့လိုက်ပါပြီ။
အရာအားလုံးကို တစ်ကပြန်စဖို့ နှင်းစက်တွေကိုပဲ
ငြိမ်းချမ်းရေးစကား စဆိုမယ်။
မင်္ဂလာပါခင်ဗျာ....
ဒဏ်ရာတွေနဲ့ပဲ ကြိုဆိုလိုက်ပါတယ်။ ။

မိုးဇက်(သခွတ္တနယ်)


ခေတ္တ - မလေးရှား

တစ်ခုခုကို ၀ါးမြိုဖို့ချောင်းနေတဲ့ မြွေတွေ
ခြေချင်းလိမ်နေတာကိုသာ တွေ့ရပေလိမ့်
ခင်ဗျားသာ မြွေတစ်ကောင်ဖြစ်မယ်ဆိုရင်ပေါ့။

အတုစစ်စစ် အတုပညာရှင်တွေ တောက်ပလိုက်ပုံများ။
မုသာဝါဒ က ညီရင်းအစ်ကိုလို။

အဝေးရောက် သားဆိုးများကိုတွေ့တဲ့အခါ
ခေါင်းခါ ၊ မျက်နှာလွှဲလိုက်တယ်။

အဝေးရောက် သားလိမ္မာများကိုတွေ့တဲ့အခါ
ရှက်ရွံ့ ၊ ခေါင်းငုံ့ထားလိုက်တယ်။

မိတ်ဆွေတချို့ဟာ
နံကြားကို ထိုးစိုက်လာမယ့် ဓါးတွေလို့
ထင်မထားမိဘူး။ ။

မိုးဇက်(သခွတ္တနယ်)