Saturday, 21 December 2013
လမ်းသစ်
သူဟာ ...
ဒီကျွန်းပေါ်မှာဖွားတဲ့ ပထမဆုံးမြန်မာပြည်သားဖြစ်တယ်။
ကမ္ဘာ့ရေးရာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဖြန့်ဝေတယ်။
သူဟာ ...
ပန်းပေါင်းများစွာပွင့်စေတဲ့ ဖန်ဆင်းရှင်ဥယျာဉ်မှူး ဖြစ်တယ်။
ရာသီအလိုက်ဓာတ်စာနဲ့ နှစ်ချို့သစ်သီးကို စားသုံးတယ်။
သူဟာ ...
ရင်ဘတ်ချင်းတူသူတို့ရဲ့ ရင်ငွေ့ခိုလှုံရာ တီးတိုးဖော်ဖြစ်တယ်။
ကြေကွဲသမျှနဲ့ စိတ်ဒဏ်ရာကို ကုစားပေးတယ်။
သူဟာ ...
တောခြောက်ခံရသူတို့ရဲ့ အားကိုးရာလမ်းပြမြေပုံဖြစ်တယ်။
စာပေအစွမ်းနဲ့ လောကလမ်းကို ညွှန်ပြတယ်။
သူဟာ ...
တာဝန်ကျေတဲ့ လောကကိုအလှဆင်သူဖြစ်တယ်။
January 2011 မှာ အသက် (၄) နှစ်ပြည့်တယ်။
ဒါပေမယ့်သူဟာ ...
အင်မတန် ကျလွယ် ကွဲလွယ်တဲ့ အနုပညာဖန်ခွက်တစ်လုံးဖြစ်တယ်။
ခြေချော်လက်ချော်မဖြစ်အောင် ဂရုတစိုက်ကိုင်တွယ်ပါမှ
ကြာရှည်အသုံးခံမယ်။ ။
မိုးဇက်(သခွတ္တနယ်)
December 11,2010
(၅)နှစ်မြောက် လမ်းသစ်ဂျာနယ် အား ဂုဏ်ပြုရေးဖွဲ့ပါသည်။
သမိုင်းတစ်ဆစ်ချိုးတဲ့နေ့
ဇူလိုင် ၁၉ ၊ ၁၉၄၇ ခုနှစ်
သမိုင်းတစ်ဆစ်ချိုးတဲ့နေ့ ...
ငါ့ အဘိုးတွေ
ဒါမှမဟုတ် ငါ့ အဘေးတွေ
အဲဒီနေ့မှာပဲ သွေးမြေခခဲ့
အဲဒီနေ့မှာပဲ အသက်ဇီဝိန်ကြွေခဲ့ကြတယ်
ဘယ်သူ မေ့နိုင်ဦးမှာလဲ ...
ပြည်သူတွေ
ကိုယ့်ပြည် ၊ ကိုယ့်ရွာ ၊ ကိုယ့်ခေါင်းဆောင်ကို ချစ်တဲ့
ပြည်သူတွေ
မျက်ရည်မဆည်နိုင်အောင် ငိုကြတယ်
ခုထိ ရှိုက်လို့ ငင်လို့ မဆုံးသေး ...
တွေးလိုက်တိုင်း
ငါ့ နှလုံးသွေးတွေ ဆူပွက်တယ်
ငါ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိတယ်။
အသားထဲက လောက်ထွက်
အာဏာရူးမိစ္ဆာတစ်ကောင်ရဲ့ ကောက်ကျစ်မှုကြောင့်
တိုင်းပြည်ဟာ ပြိုကွဲ
ဘဝတွေက ဖရိုဖရဲ ...
ဒါပေမယ့်
မင်းတို့ ဆွဲနှုတ်သွားတဲ့ ငါ့အဘိုးရဲ့ ဝိညာဉ်
ဘယ်တော့မှ သေဆုံးမှာမဟုတ်ဘူး
ဇူလိုင်မိုးရေနဲ့ ဘယ်လိုဆေးကြော ဆေးကြော
ငါ့ အဘိုးရဲ့သွေးဟာ
ထာဝရရဲပြီး စီးဆင်းနေဦးမယ်ဆိုတာ
ယုံတယ်။ ။
မိုးဇက်(သခွတ္တနယ်)
June 9,2011
*အတွဲ - ၅ ၊ အမှတ် - ၁၃ ၊ ဇူလိုင် ၊ ၂၀၁၁ ၊ လမ်းသစ်ဂျာနယ် ၊ မလေးရှား ။
တစ်ကိုယ်တော် အခင်းအကျင်း(၃)
" ငါဟာ အထားအသိုမတတ်တဲ့ကောင်
ငါ့ကိုယ်ငါ အထားအသိုမတတ်တဲ့ကောင် "
အထားမှားသလား လို့ ခဏခဏ လိုက်ရှာတယ်
ပျော်ရွှင်မှုက ရှိကိုမရှိတော့တာ
ဘာကြောင့်လဲ။ စဉ်းစားလို့ မရဘူး။ စဉ်းစားတယ်။
ဘာကြောင့်မှန်း မသိဘူး။
လူ့အဖြစ်ကိုရရှိခြင်းဟာ
ထောင်ချောက်တစ်ခုထဲကို ရောက်ရှိနေခြင်းလော ...
အရင်တုန်းက တခါတခါ တွေးတယ်
ခု မကြာမကြာ တွေးတယ်
ခု အခြေအနေဟာ ပဲ့ကျနိုင်တဲ့ အနေအထား
လေညင်းနဲ့ ပစ်ပေါက်ရင်တောင် လဲသွားနိုင်တဲ့ အခြေအနေ
အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်
ကာလသုံးပါးဟာ ဆက်စပ်မနေဘူးလိုလို၊ ဆက်စပ်နေတယ်လိုလို
ကျွန်တော့ရင်တွေဟာလည်း ဆက်စပ်နေသလိုလို
အဆက်အစပ် မရှိဘူး လိုလို
ရင် ကွဲ တယ်
ကွဲပြီးသားရင်ဟာ
ဘယ်တော့မှ ပြန်ဆက်လာမှာ မဟုတ်တော့ဘူး
သံယောဇဉ်ဆူးတစ်ချောင်းရဲ့ အဆိပ်က
အိပ်မက်ထဲထိ တငွေ့ငွေ့
ကျွန်တော်က အစိမ်းရောင်အထပ်ထပ် လိမ်းထားတဲ့အဖြူ
အစိမ်းရောင်တွေ ဖြန်းကနဲ အပက်ခံထားရတဲ့ ဆွတ်ဆွတ်ဖြူ
ရင် ကွဲ တယ်
ခင်ဗျား မြင်ယောင်နေတဲ့ ရင်ကွဲတယ် ဆိုတာ
ရင်ဘတ်တစ်ခြမ်းနဲ့ တခြားရင်ဘတ်တစ်ခြမ်း
ဟင်းလင်းပွင့် ကွဲကွာနေတာမျိုးလား
ပြောချင်တာက ရင်ကွဲတယ် ဒါပါပဲ
ကျွန်တော် ရင်ကွဲတယ်။ ကျွန်တော် ရင်ကွဲနေတယ်၊ ကျွန်တော့ရင်တွေ ကွဲနေတယ်
အိမ်။ မိသားစု။ ကောင်မလေး။ ကဗျာ။ ကိုယ်ရေးကိုယ်တာ။
ဖြစ်ခွင့်ရှိရင် ဖျစ်ဖျစ်မြည်အောင် ဆုပ်ထားချင်တာပေါ့
ချစ်ခွင့်ရှိရင် လူသိနတ်ကြား ချစ်လိုက်ချင်တာပေါ့
ခေတ်က တကိုယ်တော် နဲ့ မရတော့ ကိုယ်ခွဲတွေ အများကြီးထားရ
ဒါ ကဗျာပေါ့
မီးတောက်တယ်
ဘဝမှာ ....
(ဘဝ လို့ပဲ ကြီးကြီးကျယ်ကျယ် အော်လိုက်မယ်)
ဘဝမှာ နိမ့်ပါးတဲ့ အချိန်ဆိုတာရှိတယ်
ဘဝမှာ ဆိုးရွားတဲ့ အချိန်ဆိုတာရှိတယ်
ဘဝမှာ ဘာကိုမှလှမ်းဆွဲလို့ မမီနိုင်လောက်အောင် ဆိုးဆိုးဝါးဝါး
နိမ့်ကျဝပ်တွားနေရတဲ့ အချိန်ဆိုတာ ရှိတယ်
မိုးကတော့ ရွာတယ်၊ မိုးကောင်းလို့ မဟုတ်
မိုးကတော့ ရွာပါတယ်
ကံဆိုးမ သွားရာ မိုး လိုက်လို့ ရွာ တဲ့ ပုံပြင်ထဲက မိုး
ကျွန်တော် ဘယ်ပုံကိုမှ မပြင်ချင်ပါ၊ ဘယ်ပုံကိုမှလည်း မပြောချင်တော့ပါ
ကြာတော့ ကြာခဲ့ပါပြီ
အ,ကနေ စ,အထိ ရောက်ရှိနေပါပြီ
နာမည်တစ်လုံးအတွက် ပြုစရာ ပြင်စရာတို့ကို ပြုနေ ပြင်နေမိပါပြီ ။ ။
မိုးဇက်(သခွတ္တနယ်)
* လိုအပ်သလို ပြုပြင်ဖာထေးပြီး စပ် ဟပ် ချုပ်လုပ်ရပါအုံးမည်။

Sunday, 15 December 2013
မာယာ
ခိုးဝှက် ၊ လုယက် ယူငင်မရသော
ငွေကြေးဥစ္စာဖြင့် ဝယ်ယူမရသော
ပေးဆပ်ခြင်း ၊ ရယူခြင်းမရှိသော ...
အနီးအဝေး ၊ အနိမ့်အမြင့် ၊ အဆင့်အတန်းမရှိသော
မပြောဘဲနှင့် ကြားနိုင်သော ...
စိတ်ကို စိတ်နှင့် ချည်နှောင်ပြီးမှ
နှလုံးသားကို
နှလုံးသားဖြင့် ဖမ်းယူပြီးမှ ရရှိနိုင်သော ...
ကမ္ဘာဦးကတည်းက ပေါက်ဖွားခဲ့သော
"အချစ်" ဟု
ယနေ့တိုင် သက်ဆိုးရှည်လျှက်ရှိသော ...
ထိုပုရွက်ဆိတ်ကလေးသည်
လူတို့၏ နားထဲသို့ ဝင်ရောက်လာသောအခါ
ရထားတစ်စင်း ဖြစ်သွားလေတော့သည်။ ။

Friday, 13 December 2013
ကိုယ်ရေးအကျဉ်း
May I Introduce Myself,
My Name Is Moe Zet.
I'm A Poet !!!
ကိုယ် - ယုံ - ကြည် - ညွတ် - နူး - ရာ
အ - နု - ပ - ညာ - က - လွဲ - ရင် - အ - ရာ - ရာ
ညည်း - တွား - ဖွယ် - ရာ
ဒုက္ခ - တေး - ချည်း - သာ ...
မိုးဇက်(သခွတ္တနယ်)
My Name Is Moe Zet.
I'm A Poet !!!
ကိုယ် - ယုံ - ကြည် - ညွတ် - နူး - ရာ
အ - နု - ပ - ညာ - က - လွဲ - ရင် - အ - ရာ - ရာ
ညည်း - တွား - ဖွယ် - ရာ
ဒုက္ခ - တေး - ချည်း - သာ ...
မိုးဇက်(သခွတ္တနယ်)
Sunday, 8 December 2013
ခေတ္တ - မလေးရှား (၃)
ခွင့် ပြု တော် မူ ကြ ပါ
ကျွန်တော့်ရဲ့ ''ကြောင်လျှာသီး" လေးကိုတော့
မေမေ့ရဲ့ မျှော်လင့်ချက်တွေနဲ့အတူ
မြင့်မြတ်ရာ အရပ်မှာထားပြီး
အိပ်ပါရစေ။
ယဉ်ကျေးမှု မတူတဲ့ ယဉ်ကျေးမှုများ လက်ချင်းဆုပ်
ရိုင်းစိုင်းမှု မတူတဲ့ ရိုင်းစိုင်းမှုများ ခွက်ချင်းခုတ်
ဓမ္မတွေ အ,နေသော အဓမ္မများ
ဒီဘက်က စက္ကူတစ်ရွက်ရယ်
ဟိုဘက်က စက္ကူတစ်ရွက်ရယ် ဘယ်လောက်ကွာလို့လဲဆိုတော့
ဟိုဘက်က ကျွန်တော့်နွေးထွေးမှုရယ်
ဒီဘက်က ကျွန်တော့်ရုန်းကန်မှုရယ် ကွာသလောက်ကွာမှာပေါ့။
ခင်ဗျားတို့က ကျွန်တော့်ကိုဖမ်းဖို့ ချောင်းနေကြတာလား
ဖမ်းပေါ့
ကျွန်တော်လည်း ငါးတစ်ကောင်ကို ဖမ်းဖို့ ချောင်းနေတာ
ဒီလိုပါပဲ ကိုရွှေရယ်
အဆင်ပြေလား ဆိုတဲ့ မေးခွန်းကို အဆင်ပြေအောင်ဖြေဖို့
သိပ်အဆင်မပြေလှပါဘူး။
ဘုရားသောက်တော်ရေခွက်ကို ကော်ဖီထည့်ဖျော်သောက်တဲ့
လူတွေကြား
ကော်ဖီခွက်ကို ယမကာငှဲ့ထည့်တဲ့
လူတွေကြား
ယမကာခွက်ကို ဆေးလိပ်ပြာထည့်ချွေတဲ့
လူတွေကြား
ဆေးလိပ်ပြာချွေခွက်ကို ကွမ်းတံတွေး ထွေးထည့်တဲ့
လူတွေကြား
လူတွေကြားမှာ " လူ " အဖြစ် ပျောက်ဆုံးနေတဲ့
လူတွေကြား
လူလို သူလို ဟန်ဆောင် ပန်ဆောင် " လူ " နေရတဲ့
လူတွေကြား
ကျွန်တော်ဟာ တလူလူ လွင့်နေတဲ့ လူငယ်
လွင့်ခဲ့တယ်။
ဧရာဝတီရဲ့ ရင်ခွင်ကနေ ကျွန်ရောင်း ကျွန်ဝယ်ထွန်းကားရာ
ကျွန်းကလေးအထိ
လွင့်ခဲ့တယ်။
အမှိုက်တစ်စလို လေမွှေ့ရာ ယိမ်းရင်း နွဲ့ရင်း
လွင့်ခဲ့တယ်။
ကျေးလက်တေး ၊ သနပ်ခါးရနံ့ ၊ ချစ်ခြင်းတရားတို့နဲ့ ဝေးရာ
ရောက်တဲ့နေရာကနေ
သမုဒ္ဒရာဘယ်နှစင်းအလွန်မှာ ကျွန်တော့်အသိုက်အမြုံလေး ရှိနေမှာလဲ
ပစ္စုပ္ပန်ကနေ
တောင်စဉ်ဘယ်နှထပ်အဝေးမှာ ကျွန်တော့ဝပ်ကျင်းကလေး ရှိနေမှာလဲ
လက်ရှိဘဝကနေ
ထမင်းဘယ်နှလုတ်အကွာမှာ ကျွန်တော့်ချစ်ရိပ်မြုံလေး ရှိနေမှာလဲ
ထင်ရှားတဲ့ အမှတ်အသားတစ်ခုက ကျွန်တော့်မှာ မိသားစုရှိတယ်။
ကျွန်တော့်မှာ မိသားစုရှိတယ်။
ဒါ ၊ ထင်ရှားတဲ့ အမှတ်အသားတစ်ခုပါပဲ။ ။

Subscribe to:
Posts (Atom)